ကားမှောက်ပြီး မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံအပါအဝင် အမျိုးသားသုံးဦးသေ၊ ၂၅ ဦး ဒဏ်ရာရ
2023.03.04

ရန်ကုန် - မန္တလေး အမြန်လမ်း ၁၆၇ မိုင် ငါးဖာလုံမှာ မတ်လ ၄ ရက်နေ့ မနက်က ဒို့ညီနောင်ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်ပြီး မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံအပါအဝင် ခရီးသည်သုံးဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ကေတုမတီ လူမှုကူညီရေးအဖွဲ့က RFA ကို ပြောပါတယ်။
တောင်ကြီးကနေ ရန်ကုန်မြို့ကို ထွက်ခွာလာတဲ့ ဒို့ညီနောင် Express ဟာ မတ်လ ၄ ရက်နေ့ မနက် ၅ နာရီခွဲဝန်းကျင်က တောင်ငူလမ်းပိုင်းမှာ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ကေတုမတီ လူမှုကူညီရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"၁၆၇ မိုင် ၅ ဖာလုံက လမ်းကွေ့ဆင်းလေ။ မှောက်ပြီးတော့မှ အလယ် လမ်းလယ်ကျွန်းပေါ်မှာပဲ တုံးလုံးလဲတာ။ စုစုပေါင်းက ၂၈ ဦး၊ အမျိုးသားသုံးဦး သေဆုံးတယ်"
ထိခိုက်ဒဏ်ရာရသူ ၂၅ ဦးကို လူမှုကူညီရေးအသင်းတွေက ဆွာတိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၁၀ ဦး ပါဝင်တယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆွာတိုက်နယ်ဆေးရုံကနေ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးကို နေပြည်တော် ခုတင်တစ်ထောင်ဆေးရုံကို လွှဲပြောင်းပေးခဲ့တယ်လို့ ကေတုမတီ လူမှုကူညီရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ ဒို့ညီနောင် Express မှာ အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၃၁ ဦး လိုက်ပါလာခဲ့တာပါ။ သုံးဦးကတော့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က မတ်လ ၄ ရက်နေ့ မနက်မှာပဲ ထုတ်ပြန်ထားပါတယ်။