မန္တလေး-မုံရွာလမ်းပေါ် ခရီးသည်တင်ကား ဗုံးထိပြီး တစ်ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ

2022.07.12
Share on WhatsApp
Share on WhatsApp
မန္တလေး-မုံရွာလမ်းပေါ် ခရီးသည်တင်ကား ဗုံးထိပြီး တစ်ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ မန္တလေး - မုံရွာ ကားလမ်းမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က မိုင်းထိခဲ့သည့် ခရီးသည်တင် မှန်လုံယာဉ်ကို တွေ့ရစဥ်
Photo: Citizen Journalist
စစ်ကိုင်းတိုင်း မန္တလေး - မုံရွာကားလမ်းမ မိုင်တိုင် (၇၃) အနီးမှာ ဇူလိုင်လ ၁၁ ရက် မနေ့ညနေပိုင်းက ဗုံးလေးလုံး ဆက်တိုက်ပေါက်ကွဲတာကြောင့် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒဏ်ရာရတဲ့အထဲက အမျိုးသားတစ်ဦးကတော့ ဆေးရုံမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မုံရွာခရိုင် ခင်မွန်းရွာအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
 
"ခရီးသည်အများစုက လက်၊ မျက်နှာ၊ ပခုံးနဲ့ ခြေထောက်တွေ ဒဏ်ရာရတာများတယ်။ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကတော့ မနေ့ညက ဆေးရုံမှာ ဆုံးသွားတယ်။ ယာဉ်မောင်းတွေ၊ အကူတွေတော့ ကြီးကြီးမားမား ဒဏ်ရာမရဘူး။ နောက်တစ်ခုက ဗုံးပေါက်ကွဲတာလေ ကားဝမ်းဗိုက်အလယ်တည့်တည့်မှာ ပေါက်ကွဲတော့ အရှေ့မှာ၊ အနောက်မှာရှိတဲ့ ခရီးသည် အကုန်ထိတာပေါ့။ ယာဉ်လိုင်းနာမည်က ရွှေသလ္လာပါ၊ ဟုတ်ပါတယ်"
 
ပေါက်ကွဲခဲ့တဲ့ ဗုံးတွေဟာ လက်လုပ်ဗုံး အမျိုးအစားဖြစ်တယ်လို့လည်း ဒေသခံက ပြောပါတယ်။
 
ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သလဲ ဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
ဒဏ်ရာရတဲ့ ခရီးသည်တွေကတော့ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား၊ မန္တလေး-မုံရွာ စတဲ့ အဝေးပြေးလမ်းမကြီးတွေမှာ မကြာခဏ ဗုံးပေါက်ကွဲမှုတွေ ဖြစ်နေတာကြောင့် ခရီးသည်တွေ စိုးရိမ်နေကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။