CDF ကို ထောက်ပံ့တယ်လို့စွပ်စွဲပြီး ဟားခါးဒေသခံနှစ်ဦးကို ထောင်နှစ်ရှည်ချ

RFA Burmese
2023.10.04
CDF ကို  ထောက်ပံ့တယ်လို့စွပ်စွဲပြီး ဟားခါးဒေသခံနှစ်ဦးကို ထောင်နှစ်ရှည်ချ CDF ကို ထောက်ပံ့သည်ဟု စွပ်စွဲပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က ထောင်တစ်သက်ချမှတ်ခံရသည့် ဒေါ်ဗျက်မွှေဆုန် (ဝဲ) နှင့် ထောင်ခုနစ်နှစ် ချမှတ်ခံရသည့် ဦးဗန်ဗျက်ကျဲအို (ယာ) တို့အား တွေ့ရစဉ်။
fifty two news

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံနှစ်ဦးကို ချင်းဒေသ ကာကွယ်ရေးတပ် (CDF) ကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး စစ်ခုံရုံးက စက်တင်ဘာလ ၂၉ ရက်မှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ဟားခါးမြို့က ဒေါ်ဗျက်မွှေဆုန်ကို CDF ကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) နဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့တာပါ။

ဦးဗန်ဗျက်ကျဲအိုကိုတော့ CDF တွေကို နေအိမ်မှာ နေထိုင်ခွင့်ပြုခဲ့တာ၊ လက်နက်ဝယ်ယူဖို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟာမြို့ကိုသွားဖို့ လမ်းပြနဲ့ စကားပြန်လုပ်ပေးခဲ့တယ်လို့ စွပ်စွဲပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့ပါတယ်။

အမှုတွေကို လိုက်ပါကူညီပေးနေသူတစ်ဦးကတော့ သူတို့နှစ်ဦးကို အမိန့်ချတာနဲ့ ပတ်သက်လို့ မိသားစုက တိတိကျကျ မသိရသေးဘူးလို့ ပြောပါတယ်။

"တရာရုံးအမိန့်ချတာနဲ့ ပတ်သက်ပြီးတော့ မိသားစုတွေကလည်း အခုထိ တိတိကျကျ မသိရသေးဘူး။ ထောင်ဝင်စာတွေ့ဖို့လည်း မရဘူး"

ဒေါ်ဗျက်မွှေဆုန်နဲ့ ဦးဗန်ဗျက်ကျဲအိုတို့ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းမှာပဲ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာပါ။

ဒါနဲ့ပတ်သက်လို့ ချင်းပြည်နယ်စစ်ကောင်စီပြောခွင့်ရသူ ဦးကျော်စိုးဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၃ ရက်နေ့ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ ပြည်သူ ၁၉,၆၄၀ ဦးကို ဖမ်းဆီးထားပြီး အဲဒီထဲက ၇၆၄၅ ဦးကို ထောင်ဒဏ်အသီးသီးချမှတ်ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။