စက်တင်ဘာလအတွင်း စစ်ကောင်စီ တပ်သားခြောက်ဦး CDF ထံဘက်ပြောင်း

RFA Burmese
2023.10.02
စက်တင်ဘာလအတွင်း စစ်ကောင်စီ တပ်သားခြောက်ဦး CDF ထံဘက်ပြောင်း CDF မတူပီ တပ်ရင်း ၂ ထံ ပူးပေါင်းလာတဲ့ စစ်ကောင်စီ တပ်ကြပ်ကြီး ထွန်းဇော်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
CDF မတူပီ

ချင်းပြည်နယ်မှာ လက်နက်ကိုင် ခုခံမှုတွေကို နှိမ်နင်းဖို့ စစ်ကောင်စီက တာဝန်ချထားတဲ့ တပ်သားတွေထဲက ခြောက်ဦးဟာ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေဆီ စက်တင်ဘာလအတွင်း ဘက်ပြောင်း ခိုလှုံခဲ့တယ်လို့ CDF တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

နောက်ဆုံး ခိုလှုံသူဟာ စက်တင်ဘာ ၂၆ ရက်က ဖလမ်း-ကလေး လမ်းမပေါ်က စစ်ကောင်စီရဲ့ ထင်းရှူးစခန်းမှာ တာဝန်ကျတဲ့ အသက် ၁၇ နှစ်အရွယ် တပ်သား မောင်ပြည့်ဖြိုးအောင်ဖြစ်ပြီး MI ကျည်ဆန် ၃၄၅ ထောင့် ၊ လက်ပစ်ဗုံး တစ်လုံး၊ ၄၀ မမ ဗုံး နှစ်လုံးနဲ့ အတူ CNDF ဆီ ဘက်ပြောင်းလာတာပါ။

တပ်သား ပြည့်ဖြိုးအောင်အပြင် မိုးအောင်း၊ တိုးနိုင်ဝေ၊ ဒုတပ်ကြပ် ငိုလျန်ကျင်၊ ဒုတပ်ကြပ်ဝေလွင် နဲ့ တပ်ကြပ်ကြီး ထွန်းဇော်တို့ဟာ စက်တင်ဘာလအတွင်း CDF တပ်ဖွဲ့တွေဆီ ပူးပေါင်းခဲ့တာပါ။

ဘက်ပြောင်းလာတဲ့ စစ်ကောင်စီ တပ်သားတွေကို လွတ်မြောက်နယ်မြေကို ပို့ပေးခဲ့တယ်လို့ CNDF ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့က စကစ တပ်သားတွေ အလင်းဝင်တာကို ကြိုဆိုတယ်။ သူတို့ကို ဆုချီးမြှင့်ငွေ သတ်မှတ်ထားတဲ့အတိုင်း ပေးတယ်။ အမျိုးမျိုးပေါ့။ လက်နက် ဘယ်လောက်နဲ့ ဝင်လာနိုင်လဲ အဲဒီပေါ်မှာ မူတည်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ရတာမတူဘူးပေါ့။ ဒါပေမဲ့ ဝင်လာတဲ့သူတိုင်းကို အနည်းဆုံး သိန်း ၅၀ ကျပ် ပေးတယ်။ လွတ်မြောက်နယ်မြေကို ပို့တာ များနေပြီ”

လက်နက်ကိုင် ခုခံသူတွေဆီ ဘက်ပြောင်းခိုလှုံတဲ့ တပ်သားတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို ချင်းပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးဝင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ တပ်သားနဲ့ ရဲ စုစုပေါင်း ၁၃,၇၇၁ ဦး ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။