တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ၄၉ ဦး CDM ဝင်လာကြောင်း NUG ထုတ်ပြန်

RFA Burmese
2024.11.10
တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ၄၉ ဦး CDM ဝင်လာကြောင်း NUG ထုတ်ပြန် ၂ဝ၂၃ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတစ်ခုတက်ရောက်လာသည့် CDM တပ်သားတချို့။
Photo: NUG Ministry of defence

စစ်ကောင်စီ လက်အောက်ခံ တပ်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၉ ဦး ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုဝင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

CDM လုပ်ခဲ့သူတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့အစည်းတွေကို ဆက်သွယ်လာကြောင်းနဲ့ အဲဒီထဲမှာ ဗိုလ်ကြီး လေးဦး၊ ရဲအုပ် နှစ်ဦး ပါဝင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။

NUG ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သား ၁၉ ဦးနဲ့ ရဲတပ်ဖွဲ့က ခုနစ်ဦး CDM လုပ်ခဲ့ပြီး အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်သား ၁၇ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ဦး CDM လုပ်ခဲ့တာဖြစ်ကြောင်း NUG ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

CDM ဝင်လာသူတွေထဲက တချို့ဟာ လက်နက်တွေ ယူဆောင်လာကြောင်းနဲ့ လက်နက်မျိုးစုံ ၁၇ လက်နဲ့ ခဲယမ်းမီးကျောက်တွေ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်နက်ယူဆောင်လာသူတွေကို သတ်မှတ်တန်ဖိုးအတိုင်း ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့လည်း NUG က ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကလည်း စစ်ကောင်စီတပ်က ဒုတိယဗိုလ်မှူးကြီး သုံးဦးအပါအဝင် အရာရှိ၊ တပ်သားနဲ့ ရဲ့ ၄၁ ဦး CDM မှာ ပါဝင်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်တဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ကတော့ အာဏာသိမ်းပြီးနောက် CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲ စုစုပေါင်း တစ်သောင်းခွဲဝန်းကျင်ရှိတယ်လို့ RFA ကို ဇွန်လအတွင်းမှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။