သေနတ်နဲ့အပစ်ခံရတဲ့ ဟုမ္မလင်းမြို့က CDM ကျောင်းအုပ် အခုထိရှာမတွေ့
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ CDM ကျောင်းအုပ် ဦးအောင်ဆန်းဝင်းကို ဇူလိုင်လ ၁၆ ရက်နေ့မှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ဖမ်းဆီးပစ်ခတ်ပြီး ရေထဲပစ်ချခဲ့တာ ပျောက်ဆုံးနေတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ ၁၈ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဆရာ ဦးအောင်ဆန်းဝင်းဟာ သက်ကယ်တောင်ရွာ အလယ်တန်းကျောင်းရဲ့ CDM ကျောင်းအုပ်ဖြစ်ပြီး ပုဂ္ဂိုလ်ရေး မကျေနပ်မှုနဲ့ လိမ်လည်တိုင်တန်းခံရတာကြောင့် ဇူလိုင်လ ၁၆ ရက် ည ၁၂ နာရီမှာ ဟဲဖက်ရွာ နေအိမ်ကနေ SNA အရာရှိ ဦးလင်းကျော်က ဦးဆောင်ဖမ်းဆီးသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီနောက် ဆရာဦးအောင်ဆန်းဝင်းဟာ ချောင်းကြီးချောင်းဘေး သရက်ပင်အနီးမှာ သေနတ်နဲ့ သုံးချက် အပစ်ခံရပြီး ချောင်းထဲကို ပစ်ချခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။
CDM ကျောင်းအုပ် ဦးအောင်ဆန်းဝင်း ဖမ်းဆီးခံရတဲ့ အကြောင်းအရင်းနဲ့ သေဆုံးမှု ရှိ၊ မရှိ အခြေအနေကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်ဖွဲ့ဝင်တွေကို မေးမြန်းစုံစမ်းမှုတွေ လုပ်နေတယ်လို့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက RFA ကို ပြောပါတယ်။
"အခုဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့ ပုဂ္ဂိုလ်က ပြစ်မှုမရှိဘဲ ကျနော်တို့ဘက်ကနေ မတရားသဖြင့် ဖမ်းဆီးတာမျိုး မဟုတ်ဘူးလို့ ယုံကြည်တယ်။ အကယ်၍ ပြစ်မှုတစ်စုံတစ်ရာ လုပ်ထားရင် ဘာကြောင့်မို့ ဖမ်းဆီးတယ်ဆိုတာ ကျနော်တို့ မေးမြန်းစုံစမ်းနေဆဲပါ။ အရပ်သားတွေက အပြစ်ရှိလို့ ပြောတဲ့သူပြောတယ်၊ အပြစ်မရှိဘူးလို့ ပြောတဲ့သူပြောတယ်။ ဒါကြောင့်မို့ ကျနော်က သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေကို မေးမြန်းစုံစမ်းနေဆဲပါ"
SNA အရာရှိ ဦးလင်းကျော်ဟာ ဖောင်းပြင်ဒေသခံ လူငယ်တစ်ဦးကို PDF လို့ စွပ်စွဲပြီး သတ်ခဲ့သလို SNA အနေနဲ့လည်း ကျုးလွန်သူတွေကို အရေးယူရမယ့်အစား အကာကွယ်ပေးနေတယ်လို့ ဟုမ္မလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စွပ်စွဲထားပါတယ်။
ဦးအောင်ဆန်းဝင်းဟာ လူချစ်လူခင်ပေါသူ တစ်ဦးဖြစ်ပြီး လက်ရှိမှာ ဇနီးနဲ့ သားသမီး သုံးဦး ကျန်ခဲ့တယ်လို့ ဟုမ္မလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
နောက်ပြီး ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အနေနဲ့ တပ်သားတွေကို စစ်စည်းကမ်းနဲ့ ကျင့်ဝတ်တွေ ပြသပြီး ထိန်းသိမ်းပေးဖို့ကိုလည်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။