စက်သုံးဆီအတွက် ကန်ဒေါ်လာ သန်းတစ်ရာ ပံ့ပိုးမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ပြော
2024.08.15
ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက စက်သုံးဆီ အရောင်းဆိုင်တွေ ဆီပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံနေရအချိန် စစ်ကောင်စီရဲ့ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်းတစ်ရာ ပံ့ပိုးပေးမယ်လို့ ဩဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကစလို့ စက်သုံးဆီ အကျပ်အတည်းကို စတင်ကြုံလာရပြီး အခုရက်ပိုင်းမှာ လိုသလောက် ဝယ်မရတော့တာ၊ ဆီတွေကုန်နေတာနဲ့ ဆီဆိုင်တချို့ ပိတ်ထားရတဲ့အထိ ကြုံနေရတာပါ။
အခုလို ထောက်ပံ့ပေးပေမဲ့လည်း အဓိကပြဿနာကို မဖြေရှင်းနိုင်ရင် ဆီပြတ်လပ်မှုက ဖြစ်လာဦးမှာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက RFA ကိုပြောပါတယ်။
"ဘာလို့ ခဏခဏ ဆီပြတ်လပ်မှုတွေဖြစ်ရတာလဲဆိုတဲ့ အဓိကပြဿနာကို မဖြေရှင်းရင်တော့ သန်းတစ်ရာ မဟုတ်ဘူး၊ သန်းတစ်ထောင်ပေးလည်း ကုန်သွားရင် အခုလိုထပ်ဖြစ်နေဦးမှာပဲ။ စက်သုံးဆီစျေးကွက်က မမျှတဘူး။ ဝယ်ရတဲ့စျေး၊ ရောင်းရတဲ့စျေးနဲ့ ဒေါ်လာပေါက်စျေးက အရမ်းကွာနေတာ။ အဲဒါတွေမညှိနိုင်ရင် မှောင်ခိုးစျေးကွက်ကြီးက ရှိနေဦးမှာပဲဗျ။ ဒါကြောင့် ရေတို ဆေးမြီးတိုနည်းနဲ့ဆို မကြာဘူး ပြန်ပြီးဖြစ်လာဦးမှာပဲ"
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အဲဒီ ကန်ဒေါ်လာ သန်းတစ်ရာ ကို စက်သုံးဆီ လုပ်ငန်းရှင်တွေဆီ ဘယ်လိုခွဲဝေပေးမလဲဆို ဖော်ပြထားတာမရှိပါဘူး။
အရင်ကတော့ စက်သုံးဆီအတွက် လုပ်ငန်းရှင်တွေက ဗဟိုဘဏ်ကရောင်းချပေးတဲ့ ကန်ဒေါ်လာကို ခွဲတမ်းနဲ့ရတာဖြစ်ပြီး နောက်ထပ် လိုအပ်တဲ့ ပမာဏကို အပြင်မှာ ဝယ်ယူရတာဖြစ်ပါတယ်။
အဲဒါကြောင့် ပြည်တွင်းမှာ ဒေါ်လာငွေလဲနှုန်းတွေ အဆမတန်မြင့်တက်လာပြီးနောက် လုပ်ငန်းရှင်တွေလည်း ပြင်မှာ ဒေါ်လာဝယ်ယူဖို့ အခက်အခဲတွေရှိလာခဲ့တာပါ။
ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူရောင်းချသူများအသင်းနဲ့ စစ်ကောင်စီရဲ့ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
မြန်မာနိုင်ငံမှာ စက်သုံးဆီပြတ်လပ်နေတာမျိုးမရှိဘဲ စုပြုံတန်းစီဝယ်ယူနေကြတဲ့ ဆိုင်တွေအပြင် တန်းစီဝယ်ယူမှုနည်းပါးတဲ့ တခြားဆိုင်တွေမှာလည်း သွားရောက်ဝယ်ယူကြဖို့ ဩဂုတ်လ ၁၄ ရက်နေ့ညက စစ်ကောင်စီ မီဒီယာတွေကနေတစ်ဆင့် စက်သုံးဆီကြီးကြပ်ရေးကော်မတီက ပြောပါတယ်။
ဩဂုတ်လ ၃ ရက်နေ့ကလည်း နိုင်ငံအတွင်းမှာ စက်သုံးဆီဖူလုံဖို့ သီလဝါဆိပ်ကမ်းက သိုလှောင်ရေးစခန်းတွေမှာ အခုလလယ်လောက်အထိ လုံလုံလောက်လောက် သိုလှောင်ထားတယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့လည်း သီလဝါဆိပ်ကမ်းက စက်သုံးဆီ သိုလှောင်ရုံတွေကနေ စက်သုံးဆီရဖို့ ဆီသယ်ယာဉ်တွေ တစ်ပတ်ခန့် တန်းစီ စောင့်ဆိုင်းနေရပါတယ်။