ချောင်းဦးမြို့နယ် ဥပဒေမဲ့သတ်ဖြတ်မှု အရေးယူမယ်လို့ NUG ထုတ်ပြန်
2023.05.04
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက အသက်မပြည့်သေးသူတွေအပါအဝင် လူခုနစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ ကျေးရွာပြည်သူ့ကာကွယ်ရေးတာဝန်ခံတွေကို အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကမေလ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့က ချောင်းဦးမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာရှိတဲ့ လူခုနစ်ဦးကို ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီသတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ပြီး ဩဂုတ်လ ၃၀ ရက် နေ့မှာတော့ သတ်ဖြတ်လိုက်ခဲ့တာလို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတ်ဖြတ်ခံရသူတွေထဲမှာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ယောက်ျားလေးနှစ်ဦး၊ မိန်းကလေးသုံးဦး ပါဝင်ခဲ့ပြီး စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုအတွက် အမြန်ဆုံးအရေးယူသွားမယ်လို့ NUG က ရေးသားထားပါတယ်။
ဒီအတွက် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်မှာပဲ ကျေးရွာ ပြည်သူ့ကာကွယ်ရေး တာဝန်ခံ လေးဦးကို ဖမ်းဆီးပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီ လွှဲပြောင်းထားတယ်လို့ ဆိုပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျုဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ PDF က လူ့အခွင့်အရေး ချိုးဖောက်မှုတွေသာ ပြုလုပ်နေတာဖြစ်တယ်လို့ ဝေဖန်ပါတယ်။
"တကယ်တမ်းသွားနေတာက သူတို့အခြေပြုတဲ့ဒေသကလူတွေကို နှိပ်စက်တာတွေ ညှဉ်းပန်းတာတွေ။ သူတို့ အရင်တုန်းကပြောနေကြတာ ဒီမိုကရေစီအတွက်ဆိုပြီး ပြန်ပြီးတော်လှန်ရေးလုပ်ကြတယ်လို့ပြောတယ်။ တကယ်တမ်းက လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ သူတို့ဘာသာသူတို့ ဖြစ်နေတဲ့ကိစ္စ"
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း သတ်ဖြတ်ခံရမှုအတွက် အရေးယူဖို့ ဧပြီလ ၂၄ ရက်နေ့က တိုက်တွန်းထားပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၅ နှစ်အရွယ် မမြင့်မိုရ်အေး၊ အသက် ၁၇ နှစ်အရွယ် မဖြူချစ်၊ အသက် ၁၉ နှစ် အရွယ် မစန်းစန်းငယ်၊ အသက် ၂၀ အရွယ် မဇင်ဇင်မော်၊ အသက် ၁၅ နှစ်အရွယ် မောင်အောင်ကိုစန်း၊ အသက် ၁၆ နှစ်အရွယ် မောင်သက်ပိုင်ဦး၊ အသက် ၂၆ နှစ်အရွယ် ကိုကရင် တို့ပါဝင်တယ်လို့ မြေလတ်အသံ သတင်းဌာန က ဧပြီလ ၂၂ ရက်နေ့က ဖော်ပြခဲ့ပါတယ်။