စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး သေဆုံး
2023.02.04

စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ တံတားဦးရွာထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အသက်ခြောက်နှစ်အရွယ် မလင်းရူပါမျိုး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၅၀ နီးပါးရှိတဲ့စစ်ကြောင်းက တံတားဦးရွာကို စီးနင်းခဲ့ပြီး ရမ်းသန်းပစ်ခတ်ခဲ့တာ လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အိမ်တွေကိုဝင်မွှေပြီးတော့ ရမ်းပစ်လိုက်တာ။ ကျောင်းသွားတက်နေတဲ့ ခြောက်နှစ် အရွယ် ကလေးလေး၊ မိန်းကလေး လင်းရူပါမျိုးတဲ့"
တံတားဦးရွာ စီးနင်းခံရမှုကြောင့် လူဦးရေ တစ်ထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရတယ်လို့ သူက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ တံတားဦးရွာကနေ ထွက်ခွာပြီးနောက် တာတိုင်ရွာက နေအိမ် ငါးဆယ်ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် တာတိုင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် အာဏာသိမ်းမှု နှစ်နှစ်အတွင်း အရပ်သား ၂၉၅၁ ဦး သေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။