အမေရိကန်ု အောက်လွှတ်တော်မှာ မြန်မာ ကလေးစစ်သားဟောင်း ထွက်ဆို

အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်မှာ မြန်မာ ကလေး စစ်သားဟောင်း တစ်ယောက် ကိုယ်တိုင် တက်ရောက် ထွက်ဆိုတဲ့ ကြားနာပွဲ တရပ်ကို မနေ့ညနေပိုင်းက ပထမဆုံးအကြိမ် အဖြစ် ကျင်းပခဲ့ ပါတယ်။

2011.08.04
child-soldier ၂၀၁၁ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်မှာ မြန်မာကလေးစစ်သားဟောင်း မောင်ဟိန်းမင်းအောင် ကိုယ်တိုင် သူကိုယ်တိုင် တွေ့ကြုံခဲ့ရသည့် ကလေးစစ်သား ဘဝအကြောင်း တက်ရောက် ထွက်ဆိုခဲ့ပါသည်။
Photo: RFA

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိူးဖောက်မှုတွေနဲ့ ကလေးစစ်သား စုဆောင်း အသုံးပြု နေတာတွေကို အသက် ၁၄နှစ် အရွယ်မှာ ကလေးစစ်သား အဖြစ် စုဆောင်း ခံခဲ့ရတဲ့ မောင်ဟိန်းမင်းအောင်က ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ စစ်သင်တန်းကျောင်းမှာ လေးလခွဲတိတိ စစ်သင်တန်း တက်ခဲ့တယ်။ သင်တန်းက ကြမ်းလွန်းတယ်။ အထဲမှာ ကျန်းမာရေး မကောင်းတဲ့ ကလေးစစ်သားရော လူကြီးစစ်သားပါ ပါတယ်။ အယောက် ၂၅၀ ကျော်မှာ ကလေးစစ်သား ၁၀၀ ကျော် တွေ့ရပါတယ်။ ညကင်းကျတဲ့ အချိန်မှာလည်း တချို့အရာရှိတွေက ကျနော်တို့ကို အခွင့်အရေး မပေးခဲ့ပါဘူး။ ကင်းကို အပြည့်စောင့်ခိုင်းတဲ့အတွက် အိပ်ချိန်မရှိပါဘူး။ ကျနော်တို့ ပြန်ပြောခွင့်မရှိပါဘူး။ ပြောရင် သေနတ်ဒင်နဲ့ ရိုက်တာ ခြေထောက်နဲ့ ကန်တာကို ခံရပါတယ်”

မြန်မာနိုင်ငံမှာ ကလေးစစ်သား စုစုပေါင်း ခုနှစ်သောင်းကျော် ရှိနေတယ်လို့ သတင်းတွေ ကြားသိ ရကြောင်းလည်း သူက ပြောသွားပါတယ်။

မောင်ဟိန်းမင်းအောင်ဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ စစ်တပ်မှာ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ထိုင်းမြန်မာ နယ်စပ်ကို ထွက်ပြေး လွတ်မြောက် ခဲ့ပါတယ်။ ဒီကြားနာပွဲကို ဦးဆောင် စီစဉ်ခဲ့သူ ကတော့ အမေရိကန် အမျိုးသမီး ဒီမိုကရက် အောက်လွှတ်တော် အမတ် Eddie Bernice Johnson ဖြစ်ပါတယ်။

ကလေးစစ်သား စုဆောင်း အသုံးပြု နေတာတွေ ရပ်တန့်ရေး အတွက် မြန်မာအစိုးရကို အမေရိကန် လွှတ်တော် အမတ်တွေ ဖိအားပေး တိုက်တွန်းနိုင်ဖို့ အတွက် ဒီကြားနားပွဲကို ပြုလုပ်ခဲ့တာလို့ အမေရိကန် လူ့အခွင့်အရေး အဖွဲ့ Human Right Action Center က ပြောခွင့်ရ ပုဂ္ဂိုလ် Grace Powell က အာအက်ဖ်အေကို ပြောပါတယ်။

ဒီကြားနာပွဲရဲ့ ထူးခြားချက်က မြန်မာကလေး စစ်သားဟောင်း တဦးကိုယ်တိုင်က သူ့အတွေ့ အကြုံတွေကို အမေရိကန် လွှတ်တော် အမတ်တွေ သိအောင် ထွက်ဆိုသွားတာ ဖြစ်ပါတယ်။ ကလေးစစ်သား စုဆောင်းတဲ့ ကိစ္စဟာ အာဖရိကနိုင်ငံတွေတင် မကဘဲ မြန်မာနိုင်ငံ မှာလည်း ဖြစ်ပွားနေတယ် ဆိုတာ အမေရိကန် နိုင်ငံရေးသမားတွေ အာရုံစိုက်လာအောင် ဆောင်ရွက်တာ ပါလို့ ပြောသွားတာပါ။

ကြားနာပွဲမှာ မြန်မာ့ရန်ပုံငွေအဖွဲ့ Burma Fund ရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက မြန်မာပြည်နယ်စပ် တလျှောက် ထွက်ပြေး ရောက်ရှိလာတဲ့ ကလေး စစ်သားတွေရဲ့ ဘဝတွေ ပြန်လည် တည်ဆောက် နိုင်ဖို့အတွက် အမေရိကန် အစိုးရ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်း ကူညီကြဖို့ တိုက်တွန်း ပြောဆို သွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-05 03:17

This is a reality which world will know soon what is happening inside Burma.

Anonymous
2011-08-05 14:08

ကလေးစစ်သားတွေခုချိန်ထိရှိနေတုံးဆိုတာ အများပြည်သူအသိပါ။
ဒါပေမယ့်သူတို့ ကလိမ်နေတုံးပါဘဲ။