PNA ကလေးစစ်သားတစ်ဦး ဖမ်းဆီးရမိကြောင်း KNDF ပြော

RFA Burmese
2025.01.10
PNA ကလေးစစ်သားတစ်ဦး ဖမ်းဆီးရမိကြောင်း KNDF ပြော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ရှမ်းပြည်နယ်တောင်ပိုင်း အထူးဒေသ (၆)တွင် PNA ဦးစီးဖွင့်လှစ်သည့် စစ်သင်တန်းဆင်းပွဲကို ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်နေ့က ကျင်းပစဉ်။
Facebook/ Pa-O National Army

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာက စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) တို့ ပူးတွဲအထိုင်ချထားတဲ့ တပ်စခန်းကို ဇန်နဝါရီလ ၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ရာမှာ PNA က အသုံးပြုနေတဲ့ အသက် ၁၅ နှစ်အရွယ် ကလေးစစ်သားတစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က RFA ကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ ကလေးစစ်သားဟာ ဆီဆိုင်မြို့နယ်၊ တပ်တန်ရွာကဖြစ်ပြီး သူ့ကို လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက လက်နက်တပ်ဆင်ပြီးတော့ စစ်သားအဖြစ် စေခိုင်းထားတာလို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

"နာမည်က မောင်ဒုလို့ ခေါ်ပါတယ်။ တစ်လကို လစာ တစ်သိန်းရတယ်။ အိမ်မှာအကြီးဆုံးသားလို့ ပြောပါတယ်။ ကင်းလှည့်ချိန်မှာဆို WY တွေ သုံးတယ်။ မိဘနာမည်တွေက ဦးမောင်ပေး၊ ဒေါ်နန်းပါးလို့ ခေါ်ပါတယ်။ သူ့ကို ကျွန်တော်တို့ဘက်က ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါတယ်"

အဲဒီစခန်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က အင်အား ငါးဆယ်ဝန်းကျင်ရှိပြီး မနေ့က စခန်းသိမ်းတိုက်ပွဲမှာ အဲဒီအထဲက လေးဆယ်ကျော် သေဆုံးခဲ့သလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိထားတယ်လို့ ပြောပါတယ်။

ဒီအရေအတွက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကလေးစစ်သားအသုံးပြုတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ပအိုဝ်းအမျိုးသားတပ်မတော် (PNA/PNO) ပြောခွင့်ရသူ ခွန်စံတင်နဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

ပအိုဝ်းအမျိုးသားတပ်မတော် (PNA/PNO) ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ပြည်သူ့စစ်အသွင်ဖွဲ့စည်းပြီး စစ်ကောင်စီတပ်နဲ့ ပူးတွဲစစ်ဆင်ရေးတွေ ဆောင်ရွက်နေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အသက်မပြည့်သေးတဲ့ ကလေးတစ်ထောင်ကျော်ကို စစ်မှုထမ်းခိုင်းခဲ့တယ်လို့ ၂၀၂၄ ခုနှစ်၊ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။