ကလေးမြို့မှာ အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ခံခဲ့ရတဲ့ အမျိုးသမီးသေဆုံး

2023.09.06
ကလေးမြို့မှာ အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ခံခဲ့ရတဲ့ အမျိုးသမီးသေဆုံး စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ပြည်တော်သာရွာမှ မဒိုဒိတ်ဟွဲအား တွေ့ရစဉ်။
Citizen Journalist

စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်စစ်ဆေးတာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ပြည်တော်သာရွာခံ အသက် ၃၁ အရွယ် မဒိုဒိတ်ဟွဲဟာ နေမကောင်းဖြစ်နေတာကြောင့် မန္တလေးမြို့ကို ဆေးကုသဖို့အသွား စက်တင်ဘာလ ၅ ရက်နေ့မှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မဒိုဒိတ်ဟွဲဟာ ဩဂုတ်လ ၂၇ ရက်နေ့က သူငယ်ချင်းတစ်ဦးနဲ့အတူ ပြည်တော်သာကနေ ကလေးမြို့အသွား လမ်းမှာပဲ သွေးထွက်တဲ့အထိ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်တာခံခဲ့ရပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေပါ အသိမ်းခံခဲ့ရတာလို့ ကိုယ်တိုင်တွေ့ခဲ့သူတွေက ပြောပါတယ်။

သူဟာ နားထဲကနေသွေးထွက်ပြီး ဒဏ်ရာတွေနဲ့ အိမ်ပြန်ရောက်လာခဲ့ပြီးနောက်ပိုင်း ဆက်တိုက် နေမကောင်းဖြစ်နေတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

“အဲလိုရိုက်နှက်ခံရပြီးနောက် အိမ်ပြန်လာတော့ နားထဲက သွေးတွေထွက်တယ်။ ခေါင်းမူးခေါင်းကိုက်ဖြစ်ဖြစ်နေတာ။ ဩဂုတ်လ ၂၈ ရက်နေ့ မနက်စာ စားနေချိန်မှာ ခေါင်းကိုက်တယ်၊ ခေါင်းမူးတယ်ဆိုပြောပြီး မူးလဲသွားတာ။ ဆေးရုံကိုတော့ တန်းပို့တယ်။ ဒါပေမဲ့ သတိမေ့သွားတော့တာ ဆေးရုံပို့ပေးမယ့် ဆရာဝန်တွေက မန္တလေးကိုသွားပြဖို့ ပြောတယ်။ သူက လုံးဝသတိမရတော့တာ တစ်ပတ်လောက်ကြာတော့မှာ မန္တလေးကို သွားခဲ့တယ်။ သွားတဲ့လမ်းမှာ ဆုံးသွားတာ”

မဒိုဒိတ်ဟွဲရဲ့ အလောင်းကိုတော့ စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီမှာ ခရစ်ယာန် ထုံးစံအတိုင်း သင်္ဂြိုဟ်မှာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကလေးမြို့က လမ်းသွားလမ်းလာဆိုင်ကယ်တွေ မကြာခဏ တားဆီးပြီး ယာဉ်မောင်းလိုင်စင်အပြင် လက်ကိုင်ဖုန်းကိုစစ်ဆေးတာနဲ့ ပိုက်ဆံတောင်းတာ၊ ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်နေတာလို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။