ချင်းပြည်အရေး AA ဝင်ရောက်စွက်ဖက်တာတွေရပ်ဖို့ ချင်းပြည်အစိုးရ တောင်းဆို
2024.07.19
[Update: 09:32 PM, July 23, 2024]
ချင်းပြည်အရေးနဲ့ ချင်းလူမျိုးတွေရဲ့ နိုင်ငံရေးကိစ္စတွေမှာ အာရက္ခတပ်တော် (AA) အနေနဲ့ ဝင်ရောက်စွက်ဖက်တာတွေ အမြန်ဆုံး ရပ်တန့်ဖို့ ချင်းပြည်(Chinland)အစိုးရအဖွဲ့က ဇူလိုင်လ ၁၉ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ချင်းပြည်အစိုးရနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေချိန်မှာ အာရက္ခတပ်တော် (AA) က ချင်းပြည်နယ်နိမိတ်အတွင်း စစ်ရေး၊ နိုင်ငံရေးအရ ဝင်ရောက်ကျူးကျော်နေတာကြောင့် တိုင်းရင်းသားအချင်းချင်းကြားမှာ မလိုအပ်တဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့လည်း ဆိုပါတယ်။
ဒီဖြစ်ရပ်တွေဟာ ချင်းသမိုင်းမှာအဆိုးဝါးဆုံး အတွေ့အကြုံတစ်ခု ဖြစ်ပြီး ချင်းအမျိုးသားတွေ ကြိုးပမ်းနေတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးကို AA အနေနဲ့ လေးစားအသိအမှတ်ပြုသင့်တယ်လို့ တိုက်တွန်းထားပါတယ်။
ချင်းပြည်အစိုးရအနေနဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အမျိုးသားတော်လှန်ရေးကို အစဉ်အမြဲ အားပေးထောက်ခံနေတယ်လို့လည်း ဆိုပါတယ်။ ဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ ချင်းပြည်အစိုးရပြောရေးဆိုခွင့်ရှိသူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
AA ပြောခွင့်ရ ဦးခိုင်သုခကတော့ စစ်အာဏာရှင် အမြစ်ပြတ်ရေး ကူညီတိုက်ခိုက်ပေးနေတာသာရှိပြီး တခြားတိုင်းရင်းသားတွေရဲ့ နိုင်ငံရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာမရှိကြောင်း RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ULA/AA အနေနဲ့ ချင်းပြည်အရေးနှဲ့ ချင်းလူမျိုးတွေရဲ့နိုင်ငံရေးကိစ္စမှာ ဘာတခုမှဝင်ရောက်စွက်ဖက်တာမရှိပါဘူး။ ကျွန်တော်တို့ အနေနှဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံအနှံ့မှာ မဟာမိတ်ပေါင်းစုံနှင့်လက်တွဲပြီးတော့ စစ်အာဏာရှင်အမြစ်ပြတ်ရေး ဝိုင်းဝန်းကူညီတိုက်ခိုက်ပေးနေတာဘဲရှိပါတယ်။ ဘယ်လူမျိုးတခုရဲ့ နိုင်ငံရေးကိစ္စမှာမှ ကျွန်တော်တို့ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး။"
ချင်းပြည်ကောင်စီကလည်း AA အနေနဲ့ ချင်းပြည်နယ်မှာ စစ်ရေးမလှုပ်ရှားဖို့နဲ့ ဒေသခံတွေရဲ့ ဆန္ဒမပါဘဲ အုပ်ချုပ်ရေးလုပ်ငန်းတွေမလုပ်ဖို့ ဇွန်လ ၁၀ ရက်နေ့မှာ ကြေညာထုတ်ပြန်တောင်းဆိုထားပါတယ်။
အဲဒီထုတ်ပြန်ချက်ဟာ အခြေအမြစ်မရှိတဲ့ လုပ်ကြံစွပ်စွဲတိုက်ခိုက်မှုသာဖြစ်တယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခကတော့ အဲဒီအချိန်က တုံ့ပြန်ပြောဆိုထားပါတယ်။
ချင်းပြည်အစိုးရကတော့ စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းဖို့ ရည်ရွယ်ချက်ချက်တူတဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ်လူမျိုး၊ ဘယ်အစိုးရနဲ့မဆို လက်တွဲပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေရဲ့ အကူအညီကိုလည်း လိုအပ်သလို ယူသွားမယ်လို့လည်း ဇူလိုင် ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းပြည်အစိုးရအဖွဲ့ကို ချင်းပြည်ကောင်စီရဲ့ ဒုတိယအကြိမ်အစည်းအဝေးကနေ ဝန်ကြီးဌာန ၁၄ ခုနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာဖွဲ့စည်းခဲ့တာပါ။
(မှတ်ချက်။ ဤသတင်းတွင် AA ပြောခွင့်ရ ဦးခိုင်သုခ၏ မှတ်ချက်အား ဖြည့်စွက်ရေးသားထားပါသည်။)