ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ဆက်တိုက်ကြုံနေရ

RFA Burmese
2024.08.27
ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ဆက်တိုက်ကြုံနေရ ချင်းပြည်နယ် မတူပီမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိသူ၏ ဆိုင်ကယ်တစ်စီးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် တွေ့ရစဉ်။
Citizen Photo

နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတဲ့ ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ်တွေ ဆက်တိုက်ကြုံလာရပြီး လူသေဆုံးတာနဲ့ ထိခိုက်မှုတွေရှိလာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဩဂုတ်လ ၂၇ ရက်နေ့ ဒီနေ့ မနက်ပိုင်းက မင်းတပ်မြို့ လျှပ်စစ်ရုံးအနီးမှာ အရပ်သားတစ်ဦး မိုင်းနင်းမိလို့ ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မိုင်းနင်းမိသူဟာ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး လျှပ်စစ်ရုံးအနီးက ခြံဝင်းအတွင်း ပိန္နဲသီးခူးဖို့ သွားချိန်မှာ မိုင်းနင်းမိခဲ့တာကြောင့် ခြေထောက်တစ်ဖက် ပြတ်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မြို့ထဲမှာ စစ်ကောင်စီတပ်တွေက ထောင်ထားတဲ့မိုင်းတွေ များတယ်။ ဒေသခံတွေလည်း မိုင်းခဏခဏ နင်းမိတယ်၊ အခုလည်း စစ်ကောင်စီထောင်ထားတဲ့ မိုင်းပဲဖြစ်တယ်"

မိုင်းနင်းမိတဲ့ အမျိုးသမီးဟာ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၂၃ ရက်ကလည်း တီးတိန်မြို့က ဒေသခံတစ်ဦး မိုင်းနင်မိလို့ ခြေတစ်ဖက်ပြတ်သွားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း မင်းတပ်နဲ့ မတူပီမြို့နယ်တွေမှာ မြေမြှုပ်မိုင်းကြောင့် လေးဦးထိခိုက်ခဲ့ပါတယ်။

ချင်းပြည်နယ်မှာ တိုက်ပွဲအတွင်းကျန်ခဲ့တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်သူတွေများလာပြီး စိုးရမ်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။

ဒီမြေမြှုပ်မိုင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ရဲ့ ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် လူ ၃၆ ဦး သေဆုံးပြီး ၆၆ ဦး ထိခိုက်ဒဏ်ရာ ရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။

နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်ပစ္စည်းတွေကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း အရပ်သား ၁၀၂ ဦး သေဆုံးခဲ့ပြီး ၅၉၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ဇူလလိုင်အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။