ဖလမ်းမြို့သိမ်းတိုက်ပွဲသတင်းကြောင့် ဒေသခံငါးထောင်ကျော် နေရပ်စွန့်ခွာ
2024.07.25
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က မြို့သိမ်းတိုက်ပွဲလုပ်မဲ့သတင်း ထွက်ပေါ်လာပြီးနောက် မြို့ပေါ်က ဒေသခံငါးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးကြတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။
၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ဖလမ်းမြို့မှာ လူဦးရေ တစ်သောင်းခုနစ်ထောင်နီးပါး ရှိတာကြောင့် မြို့နေလူဦးရေရဲ့ သုံးပုံတစ်ပုံက မြို့ကိုစွန့်ခွာနေကြတာပါ။
ဖလမ်းမြို့ပေါ်က ဒေသခံတွေဟာ ကလေးမြို့နဲ့ တခြားနီးစပ်ရာရွာတွေကို တိမ်းရှောင်ကြတာရှိသလို အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်အခြမ်းကိုလည်း ထွက်ပြေးနေကြရတာပါ။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖလမ်းမြို့ခံတစ်ဦးကတော့ မြို့ပေါ်မှာ လက်ရှိကျန်နေသူတွေပါ နေရပ်စွန့်ခွာဖို့ ပြင်ဆင်နေကြပြီလို့ RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်တော့မယ်။ မြို့သိမ်းတိုက်ပွဲ စတော့မယ်ဆိုပြီး ဒီရက်ပိုင်းမှာ သတင်းထွက်လာလို့ ပစ္စည်းတွေကို ရွှေ့ဖို့လုပ်ကြတယ်။ တချို့လည်း ထွက်ပြေးကြပြီ။ ကျန်တဲ့သူတွေလည်း အဆင်သင့်ပြင်ထားကြပြီ”
ဒါနဲ့ပတ်သက်လို့ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNO/CNDF) ရဲ့ မူဝါဒရေးရာပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ပီတာထန်က ဖလမ်းမြို့မှာ အခုအချိန်အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်တာမရှိသေးသလို စစ်ရေးဖော်ဆောင်မှုလည်း မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။
ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တပ်တွေက ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ကျင်းဒွေးမြို့နဲ့ ဇွန်လမှာ မတူပီမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။
ဖလမ်းမြို့ပေါ်က ဒေသခံတွေ နေရပ်စွန့်ခွာတာနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ချင်းပြည်နယ်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခန့်ရှိပြီး အဲဒီအထဲက ခြောက်သောင်းကျော်ဟာ အိန္ဒိယနိုင်ငံ၊ မိဇိုရမ်ပြည်နယ်ထဲမှာ ရှိနေတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ဇူလိုင်လအတွင်း RFA ကို ပြောထားပါတယ်။