ချင်းနဲ့ မကွေး ကူးသန်းသွားလာမှု ကျပ် ဆယ်သိန်းကျော်အထိ ကုန်ကျနေ

RFA Burmese
2024.08.02
ချင်းနဲ့ မကွေး ကူးသန်းသွားလာမှု ကျပ် ဆယ်သိန်းကျော်အထိ ကုန်ကျနေ ပလက်ဝမှတစ်ဆင့် ဆောမြို့ကို သွားသည့် လမ်းပိုင်းတစ်နေရာကို ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ်။
Citizen Photo

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့က ဒေသခံတွေဟာ မကွေးတိုင်း ဆောမြို့ကို သွားဖို့ မော်တော်ဆိုင်ကယ် စီးနင်းခ လူတစ်ယောက်ကို ငွေကျပ် ၁၄ သိန်းအထိ ပေးနေရတယ်လို့ ပလက်ဝဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့ကနေ ဆမီးမြို့၊ ဆမီးမြို့ကတစ်ဆင့် မတူပီမြို့ကို ဖြတ်ပြီး မကွေးတိုင်း၊ ဆောမြို့ကို မော်တော်ဆိုင်ကယ်နဲ့ သွားလာရတာပါ။

မိုးတွင်းကာလမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ စက်သုံးဆီဈေးကြီးပြီး ပြတ်လပ်နေတာကြောင့် အခုလို မော်တော်ဆိုင်ကယ်စီးနင်းခ ဈေးကြီးနေတာလို့ ပလက်ဝ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပလက်ဝ ကနေ ဆောအထိ ဆိုရင် ငွေ ၁၄ သိန်းလောက်ကုန်တယ်။ ကျွန်တော်က ရန်ကုန်ကို တက်မှာဆိုတော့ ပလက်ဝ - မတူပီ- ဆော-ကျောက်ထု ကနေ ပခုက္ကူမြို့ အထိကို သိန်းနှစ်ဆယ် ပေးခဲ့ရတယ်။ လမ်းကလည်း မြေပြိုတာ၊ လမ်းချော်တာတွေရှိတော့ ဆောကို ရောက်ဖို့ကို သုံးရက် အနည်းဆုံးပဲ၊ မိုးရွာချိန်ဆို ခြောက်ရက်လောက် သွားရတာလည်း ရှိတယ်"

ပလက်ဝမြို့ ကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ ဆက်သွယ်ထားတဲ့ ပလက်ဝ - ကျောက်တော် ရေလမ်းနဲ့ ပလက်ဝ- မတူပီ ကုန်းလမ်းကနေ အရင်တုန်းက စားသောက်ကုန်နဲ့ ကုန်ပစ္စည်းတွေ အဓိက သယ်ယူကြပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး မတူပီမြို့မှာလည်း မြို့လုံးကျွတ် နေရပ်စွန့်ခွာ ထွက်ပြေးကြတာကြောင့် မကွေးတိုင်း၊ ဆောမြို့အထိ ကုန်ပစ္စည်းတွေ ဝယ်ယူရတာပါ။

ပလက်ဝမြို့မှာ ဓာတ်ဆီ တစ်လီတာကို နှစ်သောင်းအထိ ဈေးရှိနေပြီး မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ဘက်က စက်သုံးဆီဝယ်ယူမှုကို ဇွန်လ ၂၄ ရက်နေ့ကတည်းက ပိတ်ထားတာကြောင့် စက်သုံးဆီ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။