မုန်တိုင်းသင့် ချင်းပြည်သူတွေကို KIO ကျပ်သိန်းနှစ်ထောင်ကူညီ

RFA Burmese
2023.06.05
မုန်တိုင်းသင့် ချင်းပြည်သူတွေကို KIO ကျပ်သိန်းနှစ်ထောင်ကူညီ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ချင်းပြည်နယ် ကန်ပက်လက်မြို့မှ အပျက်အစီးများအား ၂ဝ၂၃ ခုနှစ် မေလ ၂၁ ရက်နေ့က တွေ့မြင်ရစဉ်။
ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ရေးအဖွဲ့

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ချင်းပြည်သူတွေအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ငွေကျပ် သိန်းနှစ်ထောင်ကို ချင်းအမျိုးသားတပ်ဦးက တစ်ဆင့်ကူညီထောက်ပံ့လိုက်တယ်လို့ ဇွန်လ ၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်က မုန်တိုင်းသင့်ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက် အခုလိုထောက်ပံ့ကူညီတဲ့ KIO ကိုကျေးဇူးတင်တယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်လုံးမှာ နေအိမ်တွေ၊ ဘာသာရေးနဲ့ ကျန်းမာရေးအဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့ပြီး လမ်းတွေပျက်လို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေလည်းရှိနေတယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က RFA ကိုပြောထားပါတယ်။

ထိခိုက်ဆုံးရှုံးမှုတွေများခဲ့တဲ့ ရခိုင်ပြည်နယ်အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုတွေရှိနေပါတယ်။

အမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ NDAA က ကျပ်သိန်းနှစ်ထောင်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ကျပ်သိန်းတစ်ထောင်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ကျပ်သိန်းငါးရာ၊ မွန်ပြည်သစ်ပါတီ NMSP က ကျပ်သိန်းငါးရာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျပ်သိန်းတစ်ထောင်၊ စုစုပေါင်း ကျပ်သိန်းငါးထောင်ကို ရက္ခိုင့်တပ်တော် AA ကတစ်ဆင့် ထောက်ပံ့ကူညီထားကြောင်း AA က ကြေညာချက်တွေ အသီးသီးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မုန်တိုင်းသင့်လူဦးရေ ၁.၆ သန်းရှိခဲ့ပြီး သူတို့ကို ကူညီဖို့အတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၃ သန်းထည့်ဝင်ပေးဖို့လည်း ကုလသမဂ္ဂက နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။