ချင်းက မြို့နယ်လေးခုကို သဘာဝဘေးအန္တရာယ်ကျရောက်ဒေသအဖြစ် သတ်မှတ်

ကျော်ထွန်းနိုင် (ဝါရှင်တန်ဒီစီ)
2023.05.16
ချင်းက မြို့နယ်လေးခုကို သဘာဝဘေးအန္တရာယ်ကျရောက်ဒေသအဖြစ် သတ်မှတ် မိုခါမုန်တိုင်း တိုက်ခတ်ပြီးသည့်နောက် ချင်းပြည်နယ်တွင်းမှ အပျက်အစီးများအား ၂ဝ၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့မြင်ရစဉ်။
Chanthar Media

ချင်းပြည်နယ်က မြို့နယ်လေးမြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် စစ်ကောင်စီက မေ ၁၆ ရက်နေ့က သတ်မှတ်ကြေညာလိုက်ပါတယ်။

တီးတိန်၊ ပလက်ဝ၊ မတူပီနဲ့ ဟားခါးမြို့နယ်တွေမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးတာတွေ ရှိတာကြောင့် သတ်မှတ်လိုက်တာပါ။

ချင်းလူ့အခွင့်‌အရေးအဖွဲ့ CHRO တာဝန်ရှိသူတစ်ဦးကတော့ မုန်တိုင်းကြောင့် မတူပီ၊ မင်းတပ်၊ ထန်တလန်နဲ့ ဟားခါးမြို့နယ်တို့မှာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေအပါအ၀င် အဆောက်အအုံ ၇၀၀ ကျော် ပျက်စီးသွားတယ်လို့ RFA ကို ပြောထားပါတယ်။

မုန်တိုင်းတိုက်ခိုက်ပြီး နောက်ပိုင်း မတူပီနဲ့ ပလက်ဝမြို့တွေက နေရာအများစုမှာ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဆက်သွယ်ဖို့ ခက်ခဲနေတယ်လို့ ချင်းပြည်နယ်မှာ ကျန်းမာရေးနဲ့ လူမှုရေးလုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

chin2.jpg
Photo: Chanthar Media

သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုကိုလည်း စစ်ကောင်စီက မေ ၁၅ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းနဲ့ ပြည်နယ် ခုနစ်ခုမှာ လူ ၄၃၅ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီကတော့ တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ ဒေသခံနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၁ ယောက် သေဆုံးခဲ့တယ်လို့ မေလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခုနဲ့ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။