မုန်တိုင်းဒဏ်သင့် ချင်းဒေသ အရေးပေါ်အကူအညီလိုနေတယ်လို့ ICNCC ပြော

RFA Burmese
2023.05.23
မုန်တိုင်းဒဏ်သင့် ချင်းဒေသ အရေးပေါ်အကူအညီလိုနေတယ်လို့ ICNCC ပြော ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဇိုတုန်ဒေသမှ နေအိမ်တစ်လုံးအား တွေ့ရစဉ်။
Citizen Journalist

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ချင်းပြည်နယ်က မြို့နယ် ရှစ်ခုမှာ အမိုးအကာတွေ၊ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

မုန်တိုင်းကြောင့် ဒေသခံတွေ သိုလှောင်ထားတဲ့ စပါးကျီတွေ ပျက်စီးသွားတာကြောင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေသလို မကြာခင်မှာ မိုးတွင်းကာလ ရောက်လာတော့မှာဖြစ်တဲ့အတွက် အမိုးအကာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်က မြို့နယ် ရှစ်ခုမှာ နေအိမ် ၂၈၀၀ နီးပါး၊ စာသင်ကျောင်း ၁၈၅ ခု၊ ဘာသာရေး အဆောက်အဦ ၁၀၂ ခု၊ ကျန်းမာရေး အဆောက်အဦ ၁၂ ခုနဲ့ စပါးကျီ ၂၅၉ ခု ပျက်စီးခဲ့တယ်လို့ ICNCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ဟားခါး၊ ဖလမ်းနဲ့ ပလက်ဝမြို့နယ်တွေမှာ ထိခိုက်ပျက်စီးမှုတွေ များပြီး တီးတိန်နဲ့ ထန်တလန်မြို့တွေမှာလည်း ပျက်စီးတာတွေ ရှိခဲ့တာလို့ ICNCC က ဆိုပါတယ်။

အဲဒီထဲက တီးတိန်၊ ပလက်ဝ၊ မတူပီနဲ့ ဟားခါးမြို့တွေကို သဘာဝဘေးဒဏ်သင့် ဒေသတွေအဖြစ် စစ်ကောင်စီက သတ်မှတ်ထားပါတယ်။

ချင်းပြည်နယ်အရေးဆောင်ရွက်နေတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO နဲ့ ချင်းပြည်နယ် ကျန်းမာရေးအဖွဲ့ (CHO) တို့ကလည်း မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသူတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ RFA ကို ပြောထားပါတယ်။

CHO ကကောက်ယူထားတဲ့ စာရင်းအရ ချင်းပြည်နယ် မြို့နယ် ကိုးခုက လူဦးရေ လေးထောင့်လေးရာကျော် မုန်တိုင်းဒဏ်ခံခဲ့ရပြီး အဲ့ဒီထဲက ၇၂ ဦး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။