တီးတိန်က ဘိန်းစိုက်ခင်းတွေကို ဒေသကာကွယ်ရေးတပ်တွေ ဖျက်ဆီး

RFA Burmese
2024.10.25
တီးတိန်က ဘိန်းစိုက်ခင်းတွေကို ဒေသကာကွယ်ရေးတပ်တွေ ဖျက်ဆီး တီးတိန်မြို့နယ်အတွင်း ဘိန်းစိုက်ခင်းများအား ပြည်သူ့ကာကွယ်ရေးတပ် ဇိုလဲန်း (PDF Zoland) နှင့် ပြည်သူ့ရဲတပ်ဖွဲ့ ဇိုလဲန်းတို့မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့က ဖျက်ဆီးခဲ့စဉ်။
Zoland Voice TV Photo

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်း ဧကနှစ်ဆယ်ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ် ဇိုလဲန်း (PDF Zoland) နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ဇိုလဲန်းတို့က ပူးပေါင်းဖျက်ဆီးခဲ့တယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဘိန်းစိုက်သူတွေကို အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ မလိုက်နာတာကြောင့် အောက်တိုဘာ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ အဲဒီစိုက်ခင်းတွေကို သွားရောက်ဖျက်ဆီးခဲ့တာလို့ PDF Zoland ပြောခွင့်ရသူက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ PDF Zoland အနေနဲ့ ဘိန်းမစိုက်ဖို့တော့ အကြိမ်ကြိမ် တားမြစ်တာပေါ့။ အာဏာမသိမ်းခင်က ဘိန်းကို သူတို့ မစိုက်ကြဘူး။ တခြားသီးနှံတွေ စိုက်ပျိုးပြီး အဆင်ပြေခဲ့တယ်။ အာဏာသိမ်ပြီးမှ ဘိန်းစိုက်ကြတာ။ ကျွန်တော်တို့ ဘိန်းကို ဖျက်ဆီးခိုင်းပေမဲ့ အစားထိုး စိုက်ဖို့အတွက် ဘာမှမပေးနိုင်သေးဘူး"

တီးတိန်မြို့နယ်အတွင်းက ကျန်ရှိနေတဲ့ ဘိန်းစိုက်ခင်းတွေကို ရှာဖွေပြီး ဆက်လက်ဖျက်ဆီးသွားမယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်က သွားလာရေးခက်ခဲတဲ့ ဒေသတွေမှာ ဘိန်းစိုက်ခင်းတွေ များလာတာကြောင့် အခုလို ဖျက်ဆီးတာကို အားပေးတယ်လို့ မင်းတပ်မြို့မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖျက်ဆီးခံလိုက်ရတဲ့ ဒေသခံ တောင်သူတွေအနေနဲ့ ဆုံးရှုံးမှုတွေ ရှိတာမှန်တယ်။ နိုင်ငံရေး၊ စီးပွားရေး အခြေအနေကြောင့် ငွေရလွယ်တဲ့ ဘိန်းစိုက်တာကို အပြစ်မတင်ရက်ဘူး။ စိုက်ပျိုးတဲ့သူတွေလည်း အသိရှိဖို့လိုတယ်။ ဘိန်းစိုက်လို့ ချမ်းသာတဲ့သူမရှိဘူး။ ဘိန်းသမားဖြစ်သွားတာပဲ ရှိပါတယ်”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စီးပွားရေး အကြီးအကျယ် ကျဆင်းမှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ရှမ်း၊ ကချင်၊ ကယားနဲ့ ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု တိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်က ကမ္ကာပေါ်မှာ ဘိန်းအများဆုံးထွက်တဲ့ အာဖဂန်နစ္စန်ကို ကျော်လွန်ပြီး မြန်မာနိုင်ငံက ကမ္ကာပေါ်မှာ ဘိန်းအများဆုံးထုတ်လုပ်တဲ့ နိုင်ငံဖြစ်နေပြီလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့ (UNODC) ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။