အမေရိကန်ရောက် ချင်းလူမျိုး တို့ ကောက်သစ်စားပွဲတော်ကျင်းပ
2015.10.24
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်နဲ့ ဗာဂျင်းနိယား၊ မေရိလန်း စတဲ့ ပြည်နယ်တွေမှာ ရောက်ရှိနေ ကြတဲ့ ဇိုမီး တိုင်းရင်းသားတွေရဲ့ ရိုးရာ ခွါဒို ကောက်သစ်စားပွဲတော်ကို ဘော်လ်တီမောမြို့စိန့်စတီဗင် ဘုရားကျောင်းမှာ စနေနေ့ညက စတင် ကျင်းပပါတယ်။
၁၄ ကြိမ်မြောက် နှစ်စဉ် ကျင်းပ ပြလုပ်တဲ့ ဒီပွဲတော် အခမ်းအနား ကို စီစဉ်သူတစ်ဦးဖြစ်သူ တာန် သောမတ် မုန် က အခုလို ပြောပြပါတယ်။
"ရိုးရာပွဲဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ရိုးရာအကတွေ၊ နောက်ပြီးတော့ ရိုးရာသီချင်းတွေဆိုတယ်၊ နောက် ပြီးတော့ ရိုးရာအစားအစာတွေပေါ့နော်၊ ကျနော်တို့ ဇိုမီးရိုးရာ အစားအစာတွေစားတယ်၊ ဟောပြောပွဲအနေနဲ့ ဆိုရင်တော့ ဇိုမီးရိုးရာအကြောင်းကို ဟောပြောကြတယ်"
ဒီနှစ် ပွဲတော်ကို ခါတိုင်းနှစ်တွေထက် တက်ရောက်သူပိုမို များပြားလာပြီး ကလေး လူကြီး ၆ဝဝ ကျော် ၇ဝဝ ခန့် ရှိတယ်လို့လဲ သောမတ်စ် မုန်က ဆိုပါတယ်။
အလားတူပဲ ချင်းပြည်နယ် ဖလမ်းမြို့နယ်တဝိုက်ကနေ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိ အခြေချနေထိုင် ကြတဲ့ ဇာမီအတ် ချင်းမျိုးနွယ်စုရဲ့ ဒုံးပင်းခေါ် ကောက်ရိတ်သိမ်းပွဲကို တက်ဆတ်စ်ပြည်နယ် မစ်ဒ်လန်းမြို့မှာ မနေ့ညကစတင်ပြီး ၂ ရက်ကြာကျင်းပပါတယ်။
အဲဒီဒုံးပင်း ရိုးရာ ပွဲတော် ဖြစ်မြောက်ရေး ဦးစီးလှုပ်ရှားခဲ့သူ ဆလိုင်း ကိုကို ခေါ် Zam Ro Liam က အခုလို ပြောပြ ပါတယ်။
"ကျနော်တို့တွေဘာကြာင့် ဒီလိုမျိုးကောက်သစ်ပွဲလေး ကျင်းပဖြစ်လဲ၊ တရားလေးတွေဟောမယ်၊ ကျနော်တို့မျိုးနွယ်စု၊ ကျန်တဲ့မျိုးနွယ်စုတွေ ရဲ့သမိုင်းလေးတွေ ကို ပြောပြတဲ့ပုဂ္ဂိုလ်တွေရှိတယ်၊ မြန်မာပြည်ကနေ တရားဟောဆရာကြီး ခရစ်ယာန်ဘုန်းကြီးပေါ့၊ ဝတ်ပြုအစီအစဉ်တိုင်းမှာ ဘုန်းကြီးကတရားဟောပါတယ်"
ဒီအခမ်းအနားကို တက်ဆတ်စ်ပြည်နယ် နဲ့ တခြား နီးစပ်ရာ ပြည်နယ်တွေက ဇာမီအတ် ချင်းမျိုးနွယ်စုတွေ အများအပြား တက်ရောက်နေကြပါတယ်။