တရုတ်ညွှန်ကြားချက်နဲ့ "၀" ဒေသနဲ့ ကိုးကန့်ဒေသကို ကုန်စည်သယ်ဆောင်ခွင့် ပြန်လည်ခွင့်ပြု

RFA Burmese
2025.01.20
တရုတ်ညွှန်ကြားချက်နဲ့ "၀" ဒေသနဲ့ ကိုးကန့်ဒေသကို ကုန်စည်သယ်ဆောင်ခွင့် ပြန်လည်ခွင့်ပြု KIO ဌာနချုပ် လိုင်ဇာမြို့ရှိ တရုတ်နယ်စပ်ဝင်ပေါက်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်။
Citizen Photo

တရုတ်နိုင်ငံရဲ့ ညွှန်ကြားချက်ကြောင့် “ဝ” (UWSA) တပ်ဖွဲ့ထိန်းချုပ်ဒေသနဲ့ MNDAA ကိုးကန့် တပ်ဖွဲ့ထိန်းချုပ် ဒေသတို့ကို ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်တယ်လို့ UWSA “ဝ” တပ်ဖွဲ့ စစ်ဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၂၀ ရက်နေ့ ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်လာပါတယ်။

စစ်လက်နက်ပစ္စည်းကလွဲရင် စားသောက်ကုန်နဲ့ အခြားကုန်စည်တွေကို ပုံမှန်အတိုင်းသယ်ဆောင်ခွင့် ပြုလိုက်တယ်လို့ “ဝ” တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတစ်ဦးကလည်း RFA ကို အတည်ပြုပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းမှာတော့ တရုတ်နိုင်ငံ နဲ့ “ဝ” (UWSA) ထိန်းချုပ်ထားတဲ့ မိုင်မောခရိုင်၊ ပန်ဝိုင်မြို့ နယ်စပ်ဂိတ်ကနေ စက်သုံးဆီတင်ပို့တဲ့ကားတွေ ဝင်ရောက်လာပြီလို့ အမည်မဖော်လိုတဲ့ “ဝ” တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း မြောက်ပိုင်းညီနောင် သုံးဖွဲ့ကို တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးတဲ့အနေနဲ့ တရုတ်က ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ရာ နယ်စပ်ဂိတ်တွေကနေ ကုန်စည်သယ်ခွင့် ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် “ဝ” တပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့ (NDAA) အနေနဲ့လည်း MNDAA နဲ့ TNLA ထိန်းချုပ်ဒေသတွေကို ကုန်စည်တွေမပို့ဖို့ တရုတ်က ဖိအားပေးခဲ့တာဖြစ်ပါတယ်။

“ဝ” တပ်ဖွဲ့ ထိန်းချုပ်ရာ ဟိုပန်၊ နမ့်တစ်မြို့တွေကနေ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ရာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်လုံနဲ့ သိန္နီမြို့နယ်အတွင်း ကုန်စည်သယ်ဆောင်ခွင့်တွေကို UWSA နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့က အပြန်အလှန်ပိတ်ထားခဲ့တာပါ။

ဒီလို အပြန်အလှန် ကန့်သတ်မှုတွေကြောင့် ဒေသတွင်းမှာ စက်သုံးဆီ၊ ဆေးဝါးနဲ့ စားသောက်ကုန် ပြတ်လပ်မှုတွေကို ဒေသခံတွေ ရင်ဆိုင်နေကြရတာပါ။

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ဟာ စနေနေ့ကစတင်တဲ့ အပစ်ရပ်သဘောတူညီချက်ကို သဘောတူ လက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ပိုင်း ကုန်ပစ္စည်းသယ်ဆောင်ခွင့်တွေကိုလည်း တရုတ်ဘက်က ပြန်လည်ခွင့်ပြုလာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။