မန္တလေးမြို့မှာ တရုတ်နိုင်ငံသားတစ်ဦး သေဆုံး
2024.11.17
မန္တလေးမြို့၊ မန်းမြို့တော် ဟိုတယ်မှာ တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး ဟိုတယ်အခန်းထဲမှာ သေဆုံးသွားတာကြောင့် နိုဝင်ဘာ ၁၆ ရက်နေ့က မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ပို့လိုက်တယ်လို့ မန္တလေးမြို့ခံတွေက RFA ကို ပြောပါတယ်။
သေဆုံးချိန် ကြာမြင့်နေပြီဖြစ်တာကြောင့် ရုပ်အလောင်းက ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ရောဂါကြောင့် သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူက သူ့ရောဂါနဲ့သူ သေဆုံးတာ။ သိတာက ၁၆ ရက်နေ့မှ သိတာ။ ဘယ်အချိန်မှာ သေဆုံးတယ် ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူးဗျ။ သေဆုံးတာကတော့ မန်းမြို့တော်ဟိုတယ် ရှစ်လွှာက အခန်းထဲမှာ သေဆုံးနေတာ။ ရင်ခွဲရုံ ပို့လိုက်ပြီ”
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က နိုဝင်ဘာ ၁၇ ရက် ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားရဲ့ ဈာပနနဲ့ပတ်သက်လို့လည်း လက်ရှိအချိန်အထိ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ မသိရသေးဘူးလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
သေဆုံးသူရဲ့ နိုင်ငံကူးလက်မှတ်မှာတော့ သူဟာ အသက် လေးဆယ်ကျော်အရွယ်ရှိပြီး ZHI JUN လို့ အမည်ဖော်ပြထားတာကို တွေ့ရပါတယ်။