မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေး တိုးတက်ဖို့ ကူညီမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
2023.05.03

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြားက ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာအောင် ကူညီသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ပြောလိုက်ပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မေလ ၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးချိန်မှာ အခုလို ပြောခဲ့တာလို့ တရုတ်အစိုးရပိုင် CGTN သတင်းဌာနက ဖော်ပြပါတယ်။
တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့ဖို့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနဲ့ အတူ လက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားသင့်ပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အောင်မြင်ဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းလို အရေးကြီးတဲ့ စီမံကိန်းတွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ မြန်မာပြည်သူတွေအတွက် စိုက်ပျိုးရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အစွမ်းကုန်ကူညီသွားမယ်လို့လည်း ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းရဲ့ ခရီးစဉ်အတွင်းမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ရာထူးအကြီးဆုံး တရုတ်အစိုးရအဖွဲ့ဝင်လည်းဖြစ်ပါတယ်။