နွားထိုးကြီးက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးရုံး တိုက်ခိုက်ခံရ

RFA Burmese
2023.05.10
နွားထိုးကြီးက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးရုံး တိုက်ခိုက်ခံရ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးရုံးကို ပစ်ခတ်ခဲ့သည့် ၆၀ မမ ဗုံးသီးများအား တွေ့ရစဉ်။
Natogyi Guerrilla Force (NGF

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးရုံးကို ဒေသခံ ကာကွယ်ရေးအဖွဲ့ Natogyi Guerrilla Force (NGF) က မေလ ၇ ရက်နေ့ည ၈ နာရီခွဲမှာ တိုက်ခိုက်ခဲ့တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

အဲဒီနေရာဟာ နွားထိုးကြီးမြို့ရဲ့အရှေ့ဘက် သုံးမိုင်ခန့်အကွာမှာရှိပြီး စစ်ကောင်စီ တပ်သားတွေ လုံခြုံရေးယူပေးထားတဲ့ ရုံးဖြစ်တယ်လို့ Natogyi Guerrilla Force (NGF) အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"မေလ ၇ ရက်နေ့ညက ဖြစ်ခဲ့တဲ့တိုက်ပွဲပါ၊ တရုတ်အစိုးရက အခုရက်ပိုင်း မြန်မာပြည် ကိုလာတယ်၊ လုပ်ရပ်တွေ အားလုံးက ကျွန်တော်တို့ မြန်မာနိုင်ငံပြည်သူတွေ အားလုံးအတွက် စိတ်ပျက်စရာကောင်းတယ်။ ဖက်ဆစ်စစ်တပ်ကို ထောက်ခံအားပေး နေတယ်၊ ဒါကြောင့် ကျွန်တော်တို့က မကျေနပ်လို့ ၆၀ မမ လက်နက်ကြီး သုံးလုံး လောက်နဲ့ စတင်တိုက်ခိုက်ခဲ့တာပါ၊ နှစ်ဖက်အပြန်လှန် ပစ်ခတ်ခဲ့ရတာမျိုးလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်သား နှစ်ယောက် သေပြီး၊ ငါးယောက် ဒဏ်ရာရသွားတယ်။ အဲဒီလူတွေ နွားထိုးကြီး မြို့မဆေးရုံကို သယ်သွားကြတယ်"

Natogyi Guerrilla Force (NGF) က ပြောတဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံး၊ ထိခိုက်တဲ့အရေအတွက်နဲ့ ထိခိုက်ပျက်စီးမှုအပေါ် RFA အနေနဲ့ သီးခြားအတည်ပြု နိုင်ခြင်းတော့ မရှိပါဘူး။

နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း အဲဒီတိုက်ခိုက်မှုအပြီး အရင်က စစ်ကောင်စီတပ်သားအင်အား ၂၀ ကျော်သာရှိတဲ့ ထိန်းချုပ်ရေးရုံးကို လက်ရှိ အင်အား ၈၀ ကျော်အထိ တိုးချထားတယ်လို့ RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒီကိစ္စကို သူအနေနဲ့ မကြားမိတာကြောင့် မသိဘူးလို့သာ ပြန်လည်ဖြေဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တရုတ်အစိုးရအဖွဲ့ဝင်ဖြစ်တဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ကန်းဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မေလ ၂ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။