တရုတ်နဲ့ တရားမဝင်ကုန်သွယ်မှု ကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါးရှိခဲ့ကြောင်း ISP Myanmar ပြော

RFA Burmese
2023.08.04
တရုတ်နဲ့ တရားမဝင်ကုန်သွယ်မှု ကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါးရှိခဲ့ကြောင်း ISP Myanmar ပြော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အား ၂၀၁၈ ခုနှစ် ဇွန်လ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

၂၀၂၂ - ၂၃ ဘဏ္ဍာနှစ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ တရားမဝင်ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါးရှိခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု(ISP-Myanmar) ရဲ့ သြဂုတ်လ ၃ ရက် မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၂၂ - ၂၃ ဘဏ္ဍာနှစ်အတွက် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉ ဘီလီယံရှိခဲ့တယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ရဲ့ စာရင်းမှာ နှစ်နိုင်ငံကုန်သွယ်မှုဟာ ကန်ဒေါ်လာ ၂၆ ဘီလီယံရှိတယ်လို့ ဖော်ပြထားတာကြောင့် တရားမဝင်ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံအထိရှိခဲ့တာလို့ ဆိုပါတယ်။

နှစ်နိုင်ငံထုတ်ပြန်ချက်တွေအရ လအလိုက်စာရင်းတွေမှာလည်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံကနေ နှစ်ဘီလီယံကြား ကွာဟမှုရှိနေပြီး ဒါဟာတရားမဝင် ကုန်သွယ်မှု ပမာဏတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ကွာဟချက် နှစ်ဆနီးပါး မြင့်တက်လာတဲ့အတွက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နဲ့ မြန်မာအကြား တရားမဝင်ကုန်သွယ်မှု ပိုမြင့်မားလာတာကို ပြနေတာလို့ ISP Myanmar က ထောက်ပြပါတယ်။

စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အကြီးတန်းအရာရှိကြီး တစ်ဦးကတော့ နယ်စပ်ကုန်သွယ်ရေးမှာ တရားမဝင် ကုန်သွယ်မှုကြောင့် ကုန်သွယ်မှု ကွာဟချက်တွေရှိနိုင်သလို တခြားအကြောင်း အရာတွေကြောင့်လည်းဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“နှစ်နိုင်ငံ ကုန်သွယ်မှု ကွာခြားချက်ဆိုတာ ဖြစ်နိုင်တဲ့အကြောင်းအရင်း အများကြီး ရှိတာပေါ့။ တရားမဝင်ဆိုတာလည်းပါမှာပဲ။ နောက်တစ်ချက်က နှစ်နိုင်ငံတန်ဖိုး သတ်မှတ်ချက်က မသိတဲ့အခါကျတော့ တန်ဖိုးသတ်မှတ်ချက်အရလည်း ကွာနိုင်တာပဲ။ တချို့ဟာတွေဆိုရင် ဒေသအတွင်း အသုံးပြုတာဖြစ်တဲ့အတွက်ကြောင့် ကုန်သွယ်မှု စာရင်းမှာ မပါတာ သူ့ဘက်ကိုယ့်ဘက် စာရင်းမှာ မပါတဲ့အတွက် ဒါလည်း ကွာနိုင်တာပဲပေါ့နော်။ သူ့စာရင်းက ဘယ်လိုအခြေခံပြီး ကောက်ယူထားတယ် ဆိုတာကို မသိရတော့ ဘာကြောင့်ကွာတယ်ဆိုတာကိုတော့ မသိရတော့ အတိအကျတော့ ကျွန်တော်တို့လည်း မဖော်ထုတ်နိုင်ပါဘူး”

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံနီးပါးရှိခဲ့တယ်လို့ ISP က ဆိုပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလံယံကျော်နဲ့ အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံနဲ့က အမေရိကန်ဒေါ်လာ ၆ ဘီလီယံရှိခဲ့တာကြောင့် ဒုတိယအများဆုံး ဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားပို့ကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၆.၆ ဘီလီယံရှိခဲ့ပါတယ်။ အဲဒီထဲမှာ သကြား၊ အဝတ်အထည်၊ သဘာဝဓာတ်ငွေ့၊ လက်ဝတ်ရတနာ စတဲ့ စက်မှုကုန်ချောတွေကနေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ နီးပါအထိ ရရှိခဲ့တဲ့အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထက် ၂ ဒသမ ၇ ဘီလီယံ ကျော် တိုးလာခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့အခြေခံကျတဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေကတော့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာသန်း ၆၂၀ ကျော် အထိလျော့ကျသွားခဲ့ပြီး သတ္တု၊ တွင်းထွက်နဲ့ တခြားကုန်စည်တင်ပို့မှုတွေ လည်းလျော့ကျခဲ့တယ်လို့ ISP Myanmar ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။