တရုတ်အကျိုးစီးပွားအတွက် မှန်ကန်တဲ့ ပူးပေါင်းမှုလိုကြောင်း NUG ပြော
2024.11.26
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေနဲ့ အကျိုးစီးပွားတွေအတွက် ပြည်သူနဲ့အတူရပ်တည်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က နိုဝင်ဘာလ ၂၆ ရက် ဒီနေ့ထုတ်ပြန်တဲ့ ပြည်သူနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ထည့်သွင်း ပြောဆိုပါတယ်။
ဒီလပိုင်းမှာပဲ တရုတ်က စစ်ကောင်စီနဲ့ နီးကပ်တဲ့ဆက်ဆံမှုတွေပိုလုပ်လာပြီး စစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံအထိ ဖိတ်ခေါ်ပြီး မြန်မာပြည်တွင်းရေးဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက် NUG ဘက်က အခုလို ပြောလာတာပါ။
တရုတ်နိုင်ငံပေါ်မှာထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မူဝါဒတွေထဲမှာ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒအရဖြစ်စေ၊ စစ်ရေးကျင့်ဝတ် (Military code of conduct) အရဖြစ်စေ၊ ပြဋ္ဌာန်းထားတဲ့ရင်းနှီးမြုပ်နှံမှုဆိုင်ရာမူဝါဒအရဖြစ်စေ ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် တရားဝင်ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်နိုင်ငံအပါဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအားလုံးကို ကာကွယ်စောင့်ရှောက်ပေးသွားမဲ့အကြောင်းလည်း ဦးကျော်ဇော်က ထပ်လောင်းပြောပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား၊ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးတွေကို တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့လည်း သူက ထောက်ပြပြောဆိုပါတယ်။
"တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအကျိုးစီးပွားတွေ၊ တရုတ်နိုင်ငံသားတွေရဲ့လုံခြုံရေးတွေကို စစ်ကောင်စီက အကာအကွယ်ပေးနိုင်မှုမရှိတာအပြင် သူတို့ရဲ့လုပ်ရပ်တွေ၊ လော်ဘီတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် တရုတ်နိုင်ငံရဲ့အကျိုးစီးပွား၊ တရုတ်နိုင်ငံသားတွေရဲ့လုံခြုံရေးတွေကို တိုက်ရိုက်ခြိမ်းခြောက်နေပါတယ်"
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က နိုဝင်ဘာလ ၂၆ ရက်ဒီနေ့မှာ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ တရုတ်နိုင်ငံသားဝန်ထမ်းတွေကို အစွမ်းကုန် ကာကွယ်ပေးမယ်လို့ တရုတ်သံအမတ်ကြီး မစ္စ မာကျားနဲ့ ဩဂုတ်လတုန်းက တွေ့ဆုံချိန် ပြောထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ဆက်စပ်ဒေသတွေမှာရှိတဲ့ တရုတ်စီမံကိန်း ၁၉ ခုထဲက ဆယ်ခုကို တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) က ဩဂုတ်လ ၁၉ ရက်နေ့မှာ ဖော်ပြထားပါတယ်။