ပန်ဝါက တရုတ်လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံနေရ

RFA Burmese
2023.05.08
ပန်ဝါက တရုတ်လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံနေရ ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုအား ၂ဝ၂၂ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ကချင်အထူးဒေသ(၁)၊ ပန်ဝါမြို့နယ်အထဲက မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းခွင်တွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအပေါ် တရုတ်လုပ်ငန်းရှင်တွေရဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေ ရှိနေတယ်လို့ Myanmar Resources Watch (MRW) အဖွဲ့က မေလ ၆ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီမြို့နယ်မှာ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းအများစုဟာ တရားမဝင် လုပ်ကိုင်နေကြတာဖြစ်ပြီး အမျိုးသား အလုပ်သားတွေ၊ အမျိုးသမီးအလုပ်သမားတွေအပေါ် ပုံစံမျိုးစုံနဲ့ ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား ၃၀ လောက်ကို မေးမြန်းပြီး MRW အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်တာ ဖြစ်ပါတယ်။

တရုတ်လုပ်ငန်းရှင် အများစုဟာ အမျိုးသမီးတွေအပေါ် လုပ်ငန်းခွင်နဲ့ မသက်ဆိုင်တဲ့ ညစ်ညမ်းတဲ့ အသုံးအနှုန်းတွေ ပြောဆိုတာ၊ အမျိုးသားတွေအပေါ် ဆဲဆိုရိုင်းပြတာ၊ အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံတာတွေ၊ လုပ်အားခခေါင်းပုံဖြတ်တာ တွေ ကြုံနေရတယ်လို့ ပန်ဝါမြို့နယ်မှာ အလုပ်ကြမ်းသွားရောက် လုပ်ကိုင်နေတဲ့ ကချင်လူငယ်တစ်ဦးက ဆိုပါတယ်။

"တရုတ်တွေရဲ့ အိပ်ယာခင်း (အပျော်မယား) ဆိုရင် လစာကောင်းကောင်း နေရာကောင်းကောင်းမှာ လုပ်ရတယ်။ တချို့ ထမင်းချက် လာလုပ်တဲ့ မိန်းကလေးက အဲလိုမလုပ်ချင်ကြဘူး။ ဒါပေမဲ့ သူတို့ကို စိတ်ချမ်းသာအောင် မလုပ်ပေးရင်လည်း အမျိုးမျိုးခြိမ်းခြောက်တယ် တချို့က အလုပ်ထုတ်ခံရမှာကြောက်လို့ အိပ်ယာခင်း လုပ်ဖြစ်တဲ့သူတွေ ရှိတယ် တချို့ကတော့ အလုပ်ထွက်သွားတဲ့သူတွေလည်း ရှိတယ်”

လက်ရှိအချိန်မှာ တရုတ်ပြည်မှာ မြေရှားသတ္ထုဈေးကျဆင်းနေတာကြောင့် သတ္ထုတွင်း လုပ်သားရဲ့ လစာတွေကို ‌လျှော့ချထားတယ်လို့ သတ္ထုတွင်း လုပ်သားတွေက ဆိုပါတယ်။

မြေရှားသတ္တု လုပ်ငန်းခွင်တွေမှာ ဘေးကျင်းဖောက်၊ အပေါ်ကျင်းတူး၊ အက်ဆစ်ဖျော်စတဲ့ အလုပ်ကြမ်းတွေကို အမျိုးသား အများစု လုပ်ကိုင်ရပြီး အခြေခံလစာ တရုတ်ငွေ ယွမ် ၃ဝဝဝကျော်ကနေ ၄၅ဝဝအထိ ရရှိပြီး အမျိုးသမီးအလုပ်သမားတွေအတွက် ရေကြည့်၊ ထမင်းချက်၊ အိပ်ယာခင်း စတဲ့ အလုပ်တွေ အများဆုံးလုပ်ရသလို တရုတ်ငွေ ၄ဝဝဝကနေ ၁၅ဝဝဝအထိ ရရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်း ပန်ဝါမြို့နယ်တစ်မြို့နယ်ထဲမှာပဲ မြေရှားသတ္တုတူးဖော်ဖို့အတွက် သတ္တုပျော်ရည်စုဆောင်းတဲ့ ကန် ၂,၇ဝဝကျော် ရှိနေတယ်လို့ ဆိုပါတယ်။

ကချင်အထူးဒေသ(၁)ဖြစ်တဲ့ ပန်ဝါမြို့နယ်ဟာ၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန်ယိမ်းခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ ကြီးစိုးတဲ့ဒေသဖြစ်ပြီး၊ တရုတ်လုပ်ငန်းရှင်တွေနဲ့ ငွေကြေးအပေးအယူ လုပ်ကာ မြေရှားသတ္တုကို စည်းမဲ့ကမ်းမဲ့ အလွန်အကျွံတူးဖော်နေတာလို့ Myanmar Resources Watch (MRW) ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။