ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကိုးကန့်ခေါင်းဆောင်တွေကို တရုတ်ဆီ စစ်ကောင်စီလွှဲပြောင်း
2024.01.30
ကျားဖျန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်နွယ်တယ်ဆိုပြီး တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် အပါအဝင် ဆယ်ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၃ဝ ရက် ညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
ကိုးကန့်ဒေသတွင်း အွန်လိုင်းလိမ်လည်လုပ်ငန်းအဖွဲ့တွေမှာ အဓိကခေါင်းဆောင်တွေဖြစ်တဲ့ ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနဲ့ အခြားအရေးကြီးတဲ့ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူ လေးဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇန်နဝါရီလ ၃၀ ရက်နေ့မှာ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းဆီ လွှဲပြောင်းပေးခဲ့ပြီး တရုတ်နိုင်ငံကို ပို့ဆောင်ခဲ့တယ်လို့လည်း တရုတ်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတစ်ကြိမ်လုပ်ဆောင်တာဟာ တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်းဆောင်ရွက်ရေးမှာ နောက်ထပ်ရရှိတဲ့ အထင်ကရ အောင်မြင်မှုရလဒ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းလိမ်လည်မှုတွေကို နှစ်နိုင်ငံ ရဲတပ်ဖွဲ့ပူးပေါင်းအရေးယူခဲ့ရာမှာ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူပေါင်း ၄၄,၀၀၀ ကို တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးအပ်ခဲ့ပြီးပြီလို့လည်း ထုတ်ပြန်ထားပါတယ်။
အဲဒီထဲမှာ နောက်ကွယ်က“ငွေကြေးထောက်ပံ့သူ” ၊ အဖွဲ့ခေါင်းဆောင်နဲ့ အမာခံ ၁၇၁ ဦး၊ တရားခံပြေး ၂,၉၀၈ ဦးပါဝင်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် အပါအဝင် ဆယ်ဦးကို အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်နေ့က ဖမ်းဝရမ်းထုတ်ခဲ့တာပါ။