တရုတ်-စစ်ကောင်စီ လုံခြုံရေးကုမ္ပဏီ ပုံစံကွဲပြားနိုင်ကြောင်း The Eurasia ဖော်ပြ

RFA Burmese
2024.12.02
တရုတ်-စစ်ကောင်စီ လုံခြုံရေးကုမ္ပဏီ ပုံစံကွဲပြားနိုင်ကြောင်း The Eurasia ဖော်ပြ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်း (H.E. Mr. Li Qiang) တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ဆုံစဉ်။
Myanmar Military

တရုတ်နဲ့ စစ်ကောင်စီ ပူးပေါင်းတည်ထောင်ဖို့ ပြင်ဆင်နေတဲ့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီဟာ ပုံမှန် တရုတ် လုံခြုံရေးကုမ္ပဏီတွေနဲ့မတူဘဲ တမူကွဲပြားနိုင်ကြောင်း အမေရိကန်အခြေစိုက် The Eurasia က ဒီဇင်ဘာ ၂ ရက် ဒီနေ့ဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။

တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေဟာ ပိုးလမ်းမ စီမံကိန်းတစ်လျှောက်မှာရှိတဲ့ တရုတ်စီမံကိန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိကရည်ရွယ်ပေမဲ့ မြန်မာနိုင်ငံက တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေဟာ တော်လှန်ရေး အင်အားစုတွေကို စစ်ကောင်စီက တိုက်ခိုက်ချေမှုန်းရာမှာ ပါဝင်လာနိုင်တဲ့ မှန်းဆမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာ ပူးပေါင်းလုံခြုံရေးကုမ္ပဏီဟာ ကန့်သတ်ထိန်းချုပ်မှုအနည်းငယ်နဲ့ စစ်လက်နက် တပ်ဆင်ပေးထားသူတွေလည်း ပါဝင်လာနိုင်တဲ့ အလားအလာရှိတယ်လို့ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်လုံခြုံရေးကုမ္ပဏီ လက်ရှိမှာ လေးခုရှိတယ်လို့ The Eurasia က ဖော်ပြပါတယ်။

စစ်ရေးအရ အရေးနိမ့်နေတဲ့ စစ်ကောင်စီကို တရုတ်အစိုးရကတော့ လက်လွှတ်ဖို့ အသင့်မဖြစ်သေးဘဲ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ တစ်ခုထားရှိဖို့ ပြင်ဆင်လာတာက စစ်ကောင်စီ လွတ်မြောက်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ The Eurasia ကဖော်ပြတဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုရော၊ တရုတ်နိုင်ငံနဲ့ တိုက်ရိုက်ဆက်ဆံရေးပါ မရရှိသေးဘဲ သီးခြားဖြစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။