တရုတ်ဘက်ဝင်ဖို့ မူဆယ်နဲ့ကျယ်ဂေါင်မှာ မြန်မာနိုင်ငံသားတွေ နေ့စဉ်တန်းစီ

RFA Burmese
2023.09.26
တရုတ်ဘက်ဝင်ဖို့ မူဆယ်နဲ့ကျယ်ဂေါင်မှာ မြန်မာနိုင်ငံသားတွေ နေ့စဉ်တန်းစီ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့အတွင်းနေထိုင်ခွင့် QR ကုတ် ရရန် တန်းစီနေသည့် မြန်မာနိုင်ငံ သားများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မြန်မာနိုင်ငံနယ်စပ် မူဆယ်မြို့ဘက်အခြမ်းမှာ မြန်မာနိုင်ငံသားတစ်ထောင်ကျော် တရုတ်နိုင်ငံထဲဝင်ဖို့ တန်းစီ စောင့်နေရသလို တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှာလည်း နေထိုင်ခွင့် (QR) ကုဒ်ရဖို့ မြန်မာနိုင်ငံသား တစ်ထောင်ခန့် နေ့စဉ်စောင့်နေရတယ်လို့ ကျယ်ဂေါင်မြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအချို့က RFA ကိုပြောပါတယ်။

တစ်ခါသုံးနယ်စပ်ဖြတ်ခွင့် (TBP) ကတ်နဲ့ တရုတ်နိုင်ငံထဲဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ညအိပ်မယ်ဆိုရင် ကျယ်ဂေါင်နဲ့ ရွှေလီမှာရှိတဲ့ ရဲစခန်းတွေမှာ နာမည်နဲ့ ကိုယ်ရေးအချက်အလက်ပေးပြီး QR ကုဒ် ယူရမယ်လို့ တရုတ်ဘက်က စည်းကမ်းထုတ်ထားတာပါ။

ဒါကြောင့် ကျယ်ဂေါင်မြို့ (၄) လမ်းမှာရှိတဲ့ နိုင်ငံခြားသား အကူအညီပေးရေးနဲ့ အုပ်ချုပ်ရေးစင်တာ (ဟိုက်ကွမ်းရုံး) မှာ QR ကုဒ်ရဖို့ မြန်မာနိုင်ငံသားတွေ နေ့စဉ် စောင့်နေကြရတာလို့ ကျယ်ဂေါင်မြို့မှာရှိတဲ့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူ ကိုကြီးမောင်က RFA ကိုပြောပါတယ်။

“တရုတ်ထဲမှာ TBP ကတ်နဲ့နေမယ်ဆိုရင် တရုတ်ရဲကစစ်လို့ QR ကုတ်မပြနိုင်ရင် အဖမ်းခံရမှာ။ ပြန်ထွက်တဲ့ အခါမှာလည်းလိုတယ်။ ဆိုတော့ QR ကုဒ်က အရေးကြီးတာပေါ့။ သူက မနက် ၈ နာရီကနေ ည ၈ နာရီအထိတော့ ထုတ်ပေးတယ်။ တရုတ်အချိန်ပေါ့။ တချို့ညကတည်းက စောင့်တဲ့သူရှိတယ်။ ဒီမနက်တောင် လူအရမ်းများပြီး ရှုတ်ကုန်လို့ တရုတ်ဘက်က ခဏရုံးပိတ်လိုက်ရသေးတယ်”

မူဆယ်နယ်စပ်ကနေ တရုတ်နိုင်ငံထဲကို တစ်ခါသုံးနယ်စပ်ဖြတ်ခွင့်ကတ် (TBP) နဲ့ ခြောက်ညအိပ်ခုနစ်ရက် ဝင်ထွက်ခွင့်ကို စက်တင်ဘာလ ၄ ရက်နေ့မှာစပြီး ခွင့်ပြုခဲ့တာပါ။

တရုတ်နိုင်ငံထဲကို မူဆယ်နယ်စပ်ကနေ ဖြတ်သန်းဝင်ရောက်ဖို့အတွက် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နေထိုင်သူတွေကို စာအုပ်အနီထုတ်ပေးပြီး အခြားတိုင်းနဲ့ ပြည်နယ်မှာ နေထိုင်သူတွေအတွက်ကိုတော့ တစ်ခါသုံးကတ် TBP ကိုသာထုတ်ပေးတာပါ။

တရုတ်နိုင်ငံထဲမှာတော့ အဲဒီနယ်စပ်ဖြတ်ခွင့် လက်မှတ်တွေနဲ့ အလုပ်လုပ်လို့ မရပါဘူး။

ဒါပေမဲ့ တချို့ကုမ္ပဏီတွေမှာ လုပ်ငန်းရှင်နဲ့ တရုတ်အာဏာပိုင်တွေ နားလည်မှုနဲ့ ခွင့်ပြုပေးတာရှိပေမယ့်လည်း တရားဝင်မဟုတ်ဘူးလို့ နယ်စပ် မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက ထောက်ပြပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့အထိ တရုတ်နိုင်ငံထဲဝင်ရောက်ဖို့ စာရင်းပေးထားတဲ့ မြန်မာနိုင်ငံသား ၆၅၀၀ ခန့်ရှိနေပြီး နောက်ထပ် ခွင့်ပြုမပေးသေးဘူးလို့ မူဆယ်နယ်စပ် မြန်မာ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

TBP နဲ့ တရုတ်နိုင်ငံထဲ ရောက်နေသူအချို့ တစ်ပတ်ကြာအထိ အလုပ်အကိုင်မရလို့ နေရပ် ပြန်နေကြရတာကြောင့် အလုပ်အကိုင် အချိတ်အဆက် တိတိကျကျမရှိဘဲ ဝင်လာမျိုး မလုပ်ဖို့ ကျယ်ဂေါင်မြို့ရောက် မြန်မာ အလုပ်သမားအရေး ကူညီပေးနေသူအချို့က အကြံပြုပါတယ်။

စက်တင်ဘာလ ၂၃ ရက်ကတော့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနဝန်ကြီး ဦးမြင့်ကြိုင်နဲ့ ယူနန်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ရွှေလီမြို့ မုန်းမော်ဟန့်ဟိုတယ်မှာ နယ်စပ်ဖြတ်သန်း သွာလာရေးကိစ္စ၊ နိုင်ငံကူးလက်မှတ်နဲ့ မူဆယ်နယ်စပ်ကနေ ဝင်ထွက်ခွင့်ရရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။