မြန်မာ့အရေးနဲ့ တရုတ်အပေါ် အပြစ်တင်ပြောဆိုတာတွေကို ဆန့်ကျင်ကြောင်း တရုတ်သံရုံးထုတ်ပြန်
2024.09.14
တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုတာနဲ့ တရုတ်နိုင်ငံကို အကြောင်းမဲ့အပြစ်တင်တာ၊ ပြောဆိုလုပ်ဆောင်တာတွေကို ဆန့်ကျင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စက်တင်ဘာလ ၁၄ ရက်နေ့ညက ထုတ်ပြန်လိုက်ပါတယ်။
တချို့မီဒီယာတွေနဲ့ ပုဂ္ဂိုလ်တွေက တရုတ်နိုင်ငံဟာ မြန်မာပြည်တွင်းရေးကို စွက်ဖက်နေတယ်လို့ အကြောင်းမဲ့ ပြစ်တင်တာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ သဘောထားဆိုပြီး ထုတ်ပြန်လိုက်တာပါ။
တရုတ်-မြန်မာနှစ်နိုင်ငံဟာ အစဉ်အလာအရ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်သလို တရုတ်နိုင်ငံက မြန်မာနိုင်ငံ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနဲ့ နယ်မြေတည်တံ့မှုကို ထိန်းသိမ်းကာကွယ်တဲ့အပေါ် ခိုင်မာစွာထောက်ခံအားပေးတယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ မလုပ်တဲ့ မူဝါဒကို ကိုင်စွဲထားပြီး မြန်မာပြည်သူတွေဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်တာနဲ့ စစ်ပွဲဖြစ်နေတာကို ဆန့်ကျင်သလို ပြည်ပအင်အားစုတွေက မြန်မာနိုင်ငံပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာတွေကို ဆန့်ကျင်တယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒဟာ ပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်း၊ သက်ဆိုင်ရာဘက် အသီးသီးက အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအခြေအနေ ပြန်လည်တည်ငြိမ်ရေး ဖော်ဆောင်သွားဖို့ကို မျှော်လင့်ကြောင်းနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် သြဂုတ် ၂၉ ရက်နေ့မှာ တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ဖို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကို တရုတ်ဘက်က သတိပေးစာပေးပို့ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
မြန်မာပြည်တွင်းက တရုတ်စီမံကိန်းတွေနဲ့ သူတို့နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တရုတ် သံအမတ်ကြီး မစ္စ မာကျားတို့က စစ်ကောင်စီခေါင်းဆောင်တွေကို ဩဂုတ်လထဲမှာ သုံးကြိမ်တိုင်တိုင်ပြောဆိုခဲ့သလို၊ စစ်ကောင်စီဘက်ကလည်း အစွမ်းကုန်ကာကွယ်ပေးမယ်လို့ ကတိပြန်ပေးတဲ့အကြောင်းလည်း အဲဒီကာလက ထုတ်ပြန်တဲ့ တရုတ်ရဲ့ ကြေညာချက်တွေမှာ တွေ့ရပါတယ်။