တရုတ်-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲဖြစ်

RFA Burmese
2023.08.29
တရုတ်-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲဖြစ် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်အချို့အား ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။
RFA

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ခိုမုန်းရွာအနီးမှာ သြဂုတ်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြာက်ရေး တပ်မတော် TNLA တို့ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး ဒီနေ့မှာလည်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတယ်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က RFA ကို ပြောပါတယ်။

“မူဆယ်မြို့နယ်ထဲမှာ ပြည်သူ့စစ်အဖွဲ့ ငါးဖွဲ့နဲ့ ကျွန်တော်တို့ရှိတဲ့နေရာကို ထိုးစစ်ဆင် တက်လာတယ်။ တစ်နေရာ ကတော့ ခိုမုန်းရွာနားမှာ စစ်ကြောင်း သုံးကြောင်းနဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ မနက် ၈ နာရီမှာ စဖြစ်တယ်။ တိုက်ပွဲကတော့ ညနေ ၅ နာရီခွဲ လောက်မှ ပြီးသွားတယ်”

တိုက်ပွဲဖြစ်တဲ့ ခိုမုန်းရွာဟာ တရုတ်နယ်စပ်နဲ့ ၁ ဒသမ ၅၄ ကီလိုမီတာသာ ကွာဝေးတယ်လို့ TNLA က ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းသုံးခုနဲ့ လုံထန်ပြည်သူ့စစ်၊ ရှောက်ဟော် ပြည်သူ့စစ်၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ် အမှတ် (၁၊ ၂၊ ၃) က တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

တိုက်ပွဲအတွင်း နမ့်ဖတ်ကာ အခြေစိုက် ခလရ (၁၂၃) တပ်ကနေ ခိုမုန်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ရှစ်ကြိမ် အထိ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်မ ၉၉ လက်အောက်ခံတပ်ဖွဲ့ ဝင်တွေကလည်း မူဆယ်မြို့နယ် စယ်လန့်ရွာ အနီးက ဘုရားတောင်နေရာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဘုန်းကြီး ကျောင်းဆောင်တစ်ခု မီးလောင် ပျက်စီးခဲ့တယ်လို့ TNLA က ပြောပါတယ်။

အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်က မူဆယ်မြို့နယ်အတွင်းကို စစ်အင်အားတွေ ထပ်ဖြည့်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်လာနိုင်တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ  ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ လားရှိုးမြို့နယ်တွေမှာ ဩဂုတ်တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား တိုက်ပွဲပေါင်း ၁၅ ကြိမ်အထိဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်၊ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ TNLA က ပြောထားပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။