အွန်လိုင်းလိမ်လည်မှုမှာပါဝင်သူ ၂၆၉ ဦးကို မြန်မာနဲ့ တရုတ် ပူးပေါင်းဖမ်းဆီး
2023.09.05
မြန်မာနိုင်ငံမှာ အခြေစိုက်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေသူ ၂၆၉ ဦးကို မြန်မာနဲ့ တရုတ်နိုင်ငံပူးပေါင်းပြီး စက်တင်ဘာ ၃ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
မြန်မာဘက်က ဒေသအခြေစိုက် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းရာဇဝတ်ဂိုဏ်း ၁၁ ခုကို ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေအကြား အကြီးမားဆုံးပူးပေါင်းနှိမ်နင်းမှု တစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဘယ်လိုပုံစံနဲ့ ဖမ်းဆီးခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။
ဖမ်းဆီးမိသူ ၂၆၉ ဦးထဲမှာ တရုတ်နိုင်ငံသား ၁၈၆ ဦးပါဝင်တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲဒီထဲက ၂၁ ဦးဟာ ယွမ်သန်း ၁၂၀ (အမေရိကန်ဒေါ်လာ ၁၆.၅ သန်း) လိမ်လည်မှုမှာ အဓိကပါဝင်ဆောင်ရွက်ခဲ့သူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းလိမ်လည်တဲ့လုပ်ငန်းမှာ လုပ်ကိုင်နေသူ ၂၂၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တရုတ်နိုင်ငံဘက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကို ဖမ်းဆီးအရေးယူတာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အွန်လိုင်းလိမ်လည်သူတွေနဲ့ လူကုန်ကူးမှုကျူးလွန်သူတွေကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေက တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီလေးနိုင်ငံဆွေးနွေးပွဲအပြီးမှာ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရေး ရဲတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းရေးစင်တာတစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တည်ထောင်ခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့ကထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေမှာ သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်နှိပ်စက် ညှဉ်းဆဲခံရပြီး အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေမှာ အဓမ္မစေခိုင်းခံနေရတယ်လို့ ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံမှာတော့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်ဖို့အတွက် လူပေါင်း တစ်သိန်းနှစ်သောင်းလောက် အဓမ္မ ဖိအားပေးခိုင်းစေခံနေရတယ်လို့လည်း ဆိုပါတယ်။