မြန်မာနယ်စပ်အနီး ကန့်သတ်ဇုန် တည်ထောင်ဖို့ တရုတ်စီစဉ်

RFA Burmese
2023.09.27
မြန်မာနယ်စပ်အနီး ကန့်သတ်ဇုန် တည်ထောင်ဖို့ တရုတ်စီစဉ် 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား UWSA 'ဝ' တပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းနေစဉ်။
WSTV

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုတွေ တားဆီးဖို့ မြန်မာနယ်စပ်အနီး ယူနန်ပြည်နယ်ဘက်မှာ ကန့်သတ်ဇုန်တည်ထောင်မယ်လို့ တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ယူနန်ပြည်နယ် ထိန်ချုန်းမြို့မှာ အောက်တိုဘာ ၁ ရက်နေ့ကနေ ဒီနှစ်ကုန်အထိ ကန့်သတ်ဇုန် တည်ထောင်ပြီး လူနဲ့ ယာဉ်အသွားအလာတွေ ကန့်သတ် ထိန်းချုပ်သွားမယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စက်တင်ဘာ ၂၆ရက်နေ့မှာ သတိပေးလိုက်တာပါ။

ဒီလိုဆောင်ရွက်တာဟာ မြန်မာနိုင်ငံ မြောက်ပိုင်းက နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွေနဲ့ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို လျော့ချဖို့အတွက်လို့ ဆိုပါတယ်။

တရုတ်အစိုးရက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအစီအစဉ်တွေကို ဒီနှစ်အတွင်း အပြင်းအထန် ကြိုးစားဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကိုလည်း တရုတ်-မြန်မာ ရဲတပ်ဖွဲ့ပူးပေါင်းဖမ်းဆီးနေတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်နေသူ တစ်ထောင့်ငါးရာနီးပါးကို ဖမ်းဆီးခဲ့တယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကလည်း အွန်လိုင်းလိမ်လည်မှုနဲ့ လူကုန်ကူးမှု တားဆီးရေးလုပ်ငန်းတွေကို တရုတ်၊ ထိုင်းအပါအဝင် နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ပါ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။

ကုလသမဂ္ဂရဲ့ ဩဂုတ်လထုတ် အစီရင်ခံစာအရ အရှေ့တောင်အာရှနိုင်ငံတွေမှာ အခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ခြိမ်းခြောက်နှိပ်စက်ခံရပြီး အလုပ်လုပ်နေရသူ သိန်းနဲ့ချီရှိနေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတင် လူတစ်သိန်းနှစ်သောင်းကျော်ရှိနေတယ်လို့ ပြောထားပြီး ကမ္ဘောဒီးယားနိုင်ငံမှာလည်း လူတစ်သိန်းလောက်ဟာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်ဖို့ အဓမ္မဖိအားပေး ခိုင်းစေခံနေရတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။