ရေကြောင်းလုံခြုံရေး မြန်မာနဲ့ တရုတ် ပူးပေါင်းလေ့ကျင့်
2023.12.02
မြန်မာရေတပ်နဲ့ တရုတ်ရေတပ်တို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ဆောင်ရွက်ခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေကို ဒီဇင်ဘာ ၁ ရက်နေ့ ညနေကစတင်ခဲ့တာလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေမှာ ပြောပါတယ်။
"တရုတ်နိုင်ငံကစစ်ရေယာဉ်များနဲ့ မြန်မာနိုင်ငံက စစ်ရေယာဉ်များဟာ ဒီဇင်ဘာ ၁ ရက်နေ့ ညနေကတည်းက ပူးပေါင်း ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်းဆောင်ရွက်ခဲ့ပါတယ်၊ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ရေပြင်ရန်ကာကွယ်ရေး၊ ဝေဟင်ရန်ကာကွယ်ရေး၊ ရေအောက်ရန်ကာကွယ်ရေး လေ့ကျင့်ခန်းများကို အောင်မြင်စွာပြလုပ်နိုင်ခဲ့ပါတယ်"
ကပ္ပလီပင်လယ်ပြင်မှာရှိတဲ့ ရဲတံခွန်ရေနံမြေရဲ့ မြောက်ဘက်မှာ စစ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်ခဲ့တာပါ။ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ နီးကပ်စွာပူးပေါင်းဆောက်ရွက်နေတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။
ရေတပ်ပူးပေါင်းစစ်ရေးလေ့ကျင့်မှုမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)က 44th PLA Navy Escort Task Group (ETG) စစ်ရေယာဉ်တွေဖြစ်တဲ့ ဖျက်သင်္ဘော Zi Bo၊ ဖရီးဂိတ် စစ်ရေယာဉ် Jing Zhou နဲ့ ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu နဲ့ တရုတ်ရေတပ်ရဲ့ တပ်ဖွဲ့ဝင် ခုနစ်ရာခန့် ပါဝင်ခဲ့ပါတယ်။ မြန်မာရေတပ်ကပါဝင်လေ့ကျင့်ခဲ့တဲ့ စာရင်းကိုတော့ စစ်ကောင်စီက ထုတ်ပြန်တာမရှိသေးပါဘူး။
အဲဒီစစ်ရေးလေ့ကျင့်မှု မလုပ်ခင်မှာ တရုတ်ရေတပ်က စစ်သင်္ဘောအုပ်စုကို ဦးဆောင်လာသူနဲ့ အဖွဲ့ဟာ ရန်ကုန်မြို့က သီလဝါဆိပ်ကမ်းကို သွားရောက်ခဲ့ပြီး စစ်ကောင်စီ ရေတပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ အွန်လိုင်းကနေဆွေးနွေးခဲ့တဲ့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းအပါအဝင် စစ်ကောင်စီအရာရှိကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
တရုတ်ရေးတပ်က စစ်သင်္ဘောတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တာဟာ ဒီအကြိမ်အပါအဝင်ဆိုရင် ခြောက်ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ရုရှားနိုင်ငံရေတပ်က စစ်သင်္ဘောသုံးစီးနဲ့ စစ်ကောင်စီရေတပ်တို့ တနင်္သာရီတိုင်း မြိတ်မြို့အနီးက ကပ္ပလီပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်ခဲ့ပြီး တပ်ဖွဲ့ဝင် ရှစ်ရာခန့် ပါဝင်ခဲ့ပါတယ်။