အကြီးစားအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်နိုင်ခဲ့ကြောင်း တရုတ်ပြော
2024.11.21
မြန်မာပြည်မြောက်ပိုင်းမှာ လည်ပတ်နေတဲ့ အကြီးစား အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်နိုင်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်သူ တစ်ထောင်ကျော်ကို UWSA “ဝ” တပ်ဖွဲ့က ဖမ်းဆီးပြီး အဲဒီထဲက တရုတ်နိုင်ငံသား ၇၆၃ ယောက်ကို တရုတ်နိုင်ငံကို ပြန်လွှဲပေးခဲ့ပါတယ်။ အဲဒီတရုတ်နိုင်ငံသား ၇၆၃ ယောက်ထဲမှာ တရားခံပြေး ၆၉ ယောက် ပါဝင်ပြီး သံသယရှိသူတွေနဲ့ ဆက်စပ်တဲ့ အထောက်အထားတွေကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ရာဇဝတ်မှုတွေ များလာတဲ့နောက် ပြီးခဲ့တဲ့နှစ်ကစပြီး ဒီလုပ်ငန်းတွေကို တိုက်ဖျက်တဲ့လှုပ်ရှားမှုကို တရုတ်က စတင်ခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အဲဒီအချိန်ကစပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်တယ်ဆိုတဲ့ သံသယနဲ့ တရုတ်နိုင်ငံသား ၅၃,ဝဝဝ ကျော်ကို ဖမ်းဆီးထားတယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
ဒီလုပ်ငန်းတွေကို တင်းတင်းကျပ်ကျပ် အရေးယူနှိမ်နင်းလာတာကြောင့် တန့်ယန်း၊ မြဝတီနဲ့ ဝမ်ဟိုင်းဒေသတို့လို နယ်မြို့တွေဆီ ရွှေ့ပြောင်းလုပ်ကိုင်ကြတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနတာဝန်ရှိသူ တစ်ဦးက သူတို့အနေနဲ့ အွန်လိုင်းလိမ်လည်တဲ့ လုပ်ငန်းတွေကို အမြစ်ဖျက်နှိမ်နင်းသွားမှာဖြစ်ပြီး ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ဆင်ဟွာသတင်းကို ပြောထားပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းပေါင်း တစ်ထောင်ကျော်မှာ နေ့စဉ် လူပေါင်း တစ်သိန်းကျော် လုပ်ကိုင်နေတယ်လို့ တရုတ်အစိုးရသတင်းမှာ ပြီးခဲ့တဲ့နှစ်က ဖော်ပြခဲ့ပါတယ်။
တရုတ်ဝန်ကြီးချုပ် လီချန်းက အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီလဆန်းက တွေ့ဆုံစဉ်မှာ တိုက်တွန်းခဲ့ပါတယ်။