တရုတ်စီမံကိန်းတွေကို အစွမ်းကုန်ကာကွယ်သွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ကတိပြု
2024.08.22
မြန်မာနိုင်ငံက တရုတ်စီမံကိန်းနဲ့ ဝန်ထမ်းတွေကို အစွမ်းကုန် ကာကွယ်သွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်သံအမတ်ကြီး မစ္စ မာကျားနဲ့ တွေ့ဆုံချိန် ပြောခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဩဂုတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားဟာ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို ဩဂုတ်လ ၂၁ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ်ခဲ့ပါတယ်။
သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲမှာ တရုတ်သံအမတ်ကြီး မစ္စ မာကျားက မြန်မာနိုင်ငံက တရုတ်စီမံကိန်းနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကျကျ ထိန်းသိမ်းကာကွယ်ဖို့ ဘေးကင်းတဲ့ ပတ်ဝန်းကျင်ဖန်တီပေးဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တရုတ်စီမံကိန်းတွေ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့နဲ့ ကာကွယ်ရေးနဲ့ ပက်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မြှင့်တင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီ့အပြင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ဖို့ စတဲ့ အချက်တွေကို ပြောခဲ့တယ်လို့ စစ်ကောင်စီ သတင်းစာတွေက ဖော်ပြပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကတော့ တရုတ်နဲ့ စစ်ကောင်စီ အကျိုးစီးပွားကို အပြန်အလှန် ဖလှယ်တဲ့ အခြေအနေ တွေ့နေရတယ်လို့ ဆိုပါတယ်။
"စစ်ခေါင်းဆောင်က တရုတ်ရဲ့ စီမံကိန်းတွေကို ကာကွယ်ပေးမယ်။ တိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို တရုတ်က တားဆီးပေးပေါ့။ ပြောရရင် နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ဖလှယ်တဲ့ အခြေအနေပေါ့။ လက်ရှိအခြေအနေအရ သူက စစ်ရေးရှုံးနိမ့်မှုတွေကြောင့် နာလန်မထနိုင်တော့ ဒီလိုတွေ ဖြစ်လာတာပါ"
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ဆက်စပ်ဒေသတွေမှာ တရုတ်စီမံကိန်း ဆယ်ခုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက အပြည့်အ၀ထိန်းချုပ်ထားနိုင်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) က ဩဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။