ချီဖွေမှာ မြေရှားသတ္တုကန် ပြိုကျပြီး အလုပ်သမား နှစ်ဦး သေဆုံး

RFA Burmese
2023.04.27
ချီဖွေမှာ မြေရှားသတ္တုကန် ပြိုကျပြီး အလုပ်သမား နှစ်ဦး သေဆုံး ကချင်ပြည်နယ်မှ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုအား ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့အနီး ဇွတ်လန်ကျေးရွာရှိ မြေရှားသတ္တု တူးဖော်တဲ့နေရာရှိ ကန်တစ်ခု ဧပြီ ၂၅ ရက်နေ့ ည ၉ နာရီခန့်က ပြိုကျပြီး မြေရှားသတ္တု တူးဖော်တဲ့ အလုပ်သမား လူငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျင်းလိုက်ကြည့်နေချိန် မြေးရှားသတ္တု တူးဖော်တဲ့ ကန်ဟောင်းတစ်ခု ပြိုကျပြီး သေဆုံးသွားတာဖြစ်တယ်လို့ ပန်ဝါ ဒေသခံ တစ်ဦးက ပြောပါတယ်။

“အရင်သတ္တုဆိုက်က ရေကန်ဟောင်းက ပေါက်သွားလို့ မျောကျလာတဲ့အထဲ ပါသွားတယ်။ သေသွားတာက လူငယ်နှစ်ယောက် ဟုတ်တယ်။ မိဘတွေကလည်း မနေ့ တက်လာကြပြီ”

သေဆုံးသွားတာ နှစ်ဦးက မောင်ကျန်းယိန်းနဲ့ နမ္မတီးလမ်းခွက မောင်လမိုင်နော်တို့ နှစ်ယောက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ္မတီး လမ်းခွက သေဆုံးသွားသူ မောင်လမိုင်နော်နဲ့ နီးစပ်သူတစ်ဦးကလည်း မိဘတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက အလောင်းကို သယ်ယူဖို့ ဧပြီ ၂၆ ရက်နေ့က တက်သွားကြပြီလို့ ပြောပါတယ်။

“မိဘတွေက အဲဒီကို တက်သွားကျပြီ အလောင်းသယ်လာဖို့။ ကျွန်တော် ကြားတာလည်း ကျင်းလိုက်ကြည့်တဲ့အချိန်မှာ မြေပြိုတဲ့အထဲမှာ ပါသွားတယ်လို့ပဲကြားတယ်။ အသေးစိတ်တော့ မသိဘူး”

ချီဖွေမြို့နယ်က တရုတ်လုပ်ငန်းရှင်တွေက မြေရှားသတ္တု တူးဖော်မှုတွေ ပြုလုပ်နေပြီး မြန်မာနိုင်ငံ အနှံ့အပြားက အလုပ်သမားတွေကလည်း အဲဒီဒေသကို အလုပ်လာလုပ် နေကြတာ ဖြစ်ပါတယ်။

လျှပ်စစ်ပစ္စည်း အများအပြားထုတ်လုပ်တဲ့ တရုတ်နိုင်ငံရဲ့ လိုအပ်ချက်ကြောင့် Rare Earth လို့ခေါ်တဲ့ မြေရှားသတ္တုကို ကချင်ပြည်နယ်က ချီဖွေ၊ ပန်ဝါဒေသမှာ တရုတ်ကုမ္ပဏီတွေ လာရောက်တူးဖော်နေပြီး လုပ်ကွက်ပေါင်း ၃၀၀ မှာ အားပြင်း အက်စစ်သတ္တုရည် ကန်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရတယ်လို့ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက်နေ့ထုတ် Global Witness အစီရင်ခံစာက ဖော်ပြပါတယ်။

တရုတ်အစိုးရ အကောက်အခွန်ဌာနဖြစ်တဲ့ China Custom က ၂၀၂၃ ခုနစ် ဇန်နဝါရီလမှာ ထုတ်ပြန်တဲ့စာရင်းအရ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံကနေ တရုတ်ကို တင်ပို့တဲ့ မြေရှားသတ္တုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်နဲ့ ၂၀၂၁ မှာ သန်း ၈၀၀ ကျော်အထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။