တရားမဝင် ဝင်ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေကို လွှဲပြောင်းပေးနေကြောင်း စစ်ကောင်စီပြော

RFA Burmese
2023.12.03
တရားမဝင် ဝင်ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေကို လွှဲပြောင်းပေးနေကြောင်း စစ်ကောင်စီပြော အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် ဆက်စပ်သည်ဟု ယူဆရသူများကို ကိုးကန့်တပ်ဖွဲ့မှ တရုတ်နိုင်ငံဘက်သို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က လွှဲပြောင်းပေးခဲ့စဉ်။
The Kokang

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၆၈ ဦးကို ဒီဇင်ဘာ ၃ ရက်နေ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၁၅၈ ဦးနဲ့ အမျိုးသမီး ဆယ်ဦး၊ စုစုပေါင်း ၁၆၈ ဦးကို ဒီနေ့ ထပ်ပြီးလွှဲပြောင်းပေးခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေမှာ ဒီဇင်ဘာ ၃ ရက်နေ့က ပြောပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံအနေနဲ့ အစိုးရချင်း၊ တပ်မတော်ချင်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နေကြောင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေဖြစ်တဲ့နေရာတွေဟာ တရုတ်မြန်မာ နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးနဲ့ ဆက်ဆံရေးအတွက် အရေးပါတဲ့နေရာတွေဖြစ်ပြီး နှစ်နိုင်အနေနဲ့ အခြေအနေ ယိုယွင်းပျက်ပြားအောင် ဘယ်တော့မှ မလုပ်ဘူးလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း တရုတ်နိုင်ငံသား ၂၆၇ ဦးကို လွှဲပြောင်းပေးခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃ ရက် အထိ တရုတ်နိုင်ငံသား တစ်သောင်းတစ်ထောင်နီးပါး (၁၀၉၅၂ ဦး ) တရုတ်နိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ နိုင်ငံခြားသားတွေကို လိုအပ်တဲ့ စိစစ်မှုတွေလုပ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးနေတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး "ဝ" တပ်ဖွဲ့ အရာရှိနှစ်ဦးနဲ့ ကိုးကန့်ဒေသလွှတ်တော်ကိုယ်စားလှယ်ဟောင်းအပါအဝင် မိသားစုဝင် လေးဦးကို တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ခဲ့ရာမှာလည်း စစ်ကောင်စီက အဲဒီသူတွေကို ဖမ်းဝရမ်း ထပ်မံထုတ်ခဲ့ပါတယ်။ အဲဒီထဲက ကိုးကန့်ဒေသလွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ မိသားစုဝင် နှစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးပြီး တရုတ်နိုင်ငံကို လွှဲပေးခဲ့ပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ထိန်းချုပ်နယ်မြေထဲက နမ့်ခမ်းမြို့နယ်မှာ ကျားဖျန့် (ခေါ် ) အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား အယောက် ၉၀ နီးပါးကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးအပ်ခဲ့တာလည်း ရှိပါတယ်။

အလားတူ ကိုးကန့်ဒေသအတွင်း တရားမဝင် ဝင်ရောက်လာတယ်ဆိုတဲ့ တရုတ် နိုင်ငံသား ၃၃၇ ဦးကို ကိုးကန့်အာဏာပိုင်တွေက ဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က ပြန်လွှဲပေးခဲ့ပါတယ်။

UWSA ၀ တပ်ဖွဲ့ ထိန်းချုပ်ရာဒေသမှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်တွေနဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၁၃ဝဝ ကျော်ကိုလည်း ဝ တပ်ဖွဲ့က တရုတ်နိုင်ငံဘက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ပြန်လည်လွှဲပြောင်းခဲ့ပါတယ်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၁ ရက်နေ့က သတင်း ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံ မြောက်ပိုင်းက အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ ၃၁,၀၀၀ ကို လွှဲပြောင်းလက်ခံရရှိခဲ့တယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။