တရုတ်တပ်ဖွဲ့တွေ ဝင်ရောက်မှုကြောင့် ပြည်တွင်းစစ် ပိုကျယ်ပြန့်လာနိုင်ကြောင်း လေ့လာသူတွေပြော

RFA Burmese
2024.11.28
တရုတ်တပ်ဖွဲ့တွေ ဝင်ရောက်မှုကြောင့် ပြည်တွင်းစစ် ပိုကျယ်ပြန့်လာနိုင်ကြောင်း လေ့လာသူတွေပြော ၂ဝ၂၄ ခုနှစ် စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်တွင် ကျင်းပသည့် ပွဲတော်တစ်ခုမြင်ကွင်း။
Photo: AFP

မြန်မာနိုင်ငံထဲကို တရုတ်လုံခြုံရေးကုမ္ပဏီတွေ ဝင်ရောက်လာမှုကြောင့် ပြည်တွင်းစစ် ပိုမိုပြင်းထန်လာနိုင်ပြီး သံတမန်ရေးအရ တင်းမာမှုတွေလည်း ပေါ်ပေါက်လာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက ပြောဆိုကြောင်း South China Morning Post သတင်းမှာ နိုဝင်ဘာလ ၂၈ ရက်နေ့က ဖော်ပြပါတယ်။

တရုတ်ပြည်ရဲ့ စီးပွားရေးနဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် တရုတ်လုံခြုံရေးကုမ္ပဏီတွေ မြန်မာပြည်မှာ နေရာချထားမှုက ပြည်တွင်းစစ် ပိုမိုကျယ်ပြန့်လာပြီး လူတွေအမြောက်အမြား သေကျေပျက်စီးနိုင်တယ်လို့လည်း လေ့လာသူတွေက သတိပေးလိုက်ပါတယ်။

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အင်အားစုတွေ သိမ်းပိုက်ထားတဲ့နယ်မြေတွေက တရုတ်စီမံကိန်းတွေ ပြန်လည်လုပ်ကိုင်နိုင်အောင် တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက တာဝန်ယူဆောင်ရွက်မယ့်ကိစ္စဟာ စိန်ခေါ်မှုအမြောက်အမြားနဲ့ ကြုံတွေ့ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဩစတြေးလျတက္ကသိုလ် ကထိကတစ်ဦးဖြစ်တဲ့ Adam Simpson က တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှာ တရုတ်လက်နက်ကိုင်အဖွဲ့တွေ လာရောက်တပ်စွဲမှာကို အိန္ဒိယအစိုးရက စိုးရိမ်ပူပန်မှာဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းအစိုးရကလည်း အိမ်နီးချင်းဒေသမှာ အခုလို တရုတ်တပ်ဖွဲ့တွေ ရောက်ရှိဆောင်ရွက်မယ့်ကိစ္စကို ပူပန်မှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ အခုလို ဝင်ရောက်ခြင်းအားဖြင့် အတိုက်အခံအင်အားစုတွေကို နှိမ်နင်းဖို့ စစ်ကောင်စီတပ်ဖွဲ့တွေကို အားပေးကူညီရာရောက်ပြီး ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်တပ်ဖွဲ့တွေကြောင့် မြန်မာပြည်မှာ ပဋိပက္ခတွေ ပိုမိုကြီးထွားလာမှာကို လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောဆိုသင့်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာ စစ်ကောင်စီနဲ့ တရုတ်အစိုးရကြား လုံခြုံရေးကုမ္ပဏီ ပူးတွဲတည်ထောင်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီကိစ္စအတွက် နားလည်မှုစာချွန်လွှာရေးဆွဲရေးကော်မတီကို စစ်ကောင်စီက အောက်တိုဘာ ၂၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။