တရုတ်အာကာသယာဉ် စွန့်ပစ်ပစ္စည်း ရခိုင်ပင်လယ်ပြင်ကို ထပ်မံပစ်ချ
2023.09.07
ရခိုင်ပြည်နယ် သံတွဲမြို့နယ်နဲ့ မာန်အောင်ကျွန်းအနီးက ရခိုင်ပင်လယ်ပြင်ကို တရုတ်နိုင်ငံရဲ့ အာကာသယာဉ်ကနေ စွန့်ပစ်ပစ္စည်းတွေ စက်တင်ဘာ ၇ ရက်နေ့ ဒီနေ့ မနက်အစောပိုင်းက ထပ်မံကျရောက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
အဲဒီစွန့်ပစ်ပစ္စည်းတွေဟာ သံတွဲမြို့ရဲ့ အနောက်တောင်ဘက် ၉၂ မိုင်အကွာ၊ မာန်အောင်ကျွန်းရဲ့ တောင်ဘက် ၁၀၅ မိုင်နဲ့ ချောင်းသာရဲ့ ၆၄ မိုင်အကွာဝန်းကျင် ပင်လယ်ပြင်မှာ ကျရောက်ခဲ့တာလို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ် သတင်းမှာလည်း ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့ကလည်း တရုတ်နိုင်ငံရဲ့ အာကာသယာဉ်ကနေ စွန့်ပစ်ပစ္စည်းတွေဟာ မာန်အောင်ကျွန်းရဲ့ တောင်ဘက် ၁၀၄ ကီလိုမီတာနဲ့ ဂွမြို့နယ်ရဲ့ အနောက်ဘက် ၆၆ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ကျရောက်ခဲ့ပြီး အခုတစ်ကြိမ်နဲ့ ဆိုရင် တရုတ်အာကာသယာဉ်နဲ့ စွန့်ပစ်ပစ္စည်းတွေ ရခိုင်ပင်လယ်ပြင်ကို ကျရောက်တာ ခုနစ်ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အာကာသယာဉ်တွေရဲ့ စွန့်ပစ်ပစ္စည်းတွေ ၂၀၂၀ ခုနှစ်က တစ်ကြိမ်၊ ၂၀၂၁ ခုနှစ်က နှစ်ကြိမ်၊ ၂၀၂၂ ခုနှစ်က နှစ်ကြိမ်နဲ့ အခု ၂၀၂၃ ခုနှစ်မှာ နှစ်ကြိမ်ကျရောက်ခဲ့တာပါ။
အဲဒီ အာကာသယာဉ်ရဲ့ စွန့်ပစ်အမှိုက်တွေ ပင်လယ်ပြင်ကျရောက်မယ်ဆိုတာ ဒေသခံတွေ ကြိုတင်မသိကြရတာကြောင့် ဒေသခံတွေအတွက် အန္တရာယ်တွေဖြစ်လာနိုင်သလို အာကာသယာဉ်ရဲ့ အမှိုက်တွေ စွန့်ပစ်တာ ပိုများလာတာကြောင့် ရခိုင်ပင်လယ်ပြင်ရဲ့ ဂေဟစနစ်တွေလည်း ပျက်စီးသွားနိုင်တယ်လို့ ကိုးရီးယား အခြေစိုက် International Peace Youth Group ရဲ့ မြန်မာနိုင်ငံပြောခွင့်ရ မာန်အောင်ဒေသခံ ကိုအောင်မြင့်သူက ပြောပါတယ်။
"အခု တရုတ်အာကာသယာဉ်က စွန့်ပစ်ပစ္စည်းတွေ ရခိုင်ပင်လယ်ပြင်ကို မကြာမခဏဆိုသလို ကျနေတယ်။ ဒါပေမဲ့ ဒေသခံတွေက ဘာမှကြိုတင်မသိရဘူး။ အဲဒီပင်လယ်ပြင်မှာ ငါးဖမ်းနေတာတွေလည်း အများကြီးရှိတယ်လေ။ နောက်တစ်ခုက အခုလို တရုတ်အာကာသယာဉ်က အမှိုက်တွေ ရခိုင်ပင်လယ်ပြင်ကို ပစ်ချတာ ပိုများလာတယ်။ နောက်နှစ်တွေမှာလည်း ဒီထက်ပိုပြီး များလာနိုင်တယ်။ အဲဒီအမှိုက်တွေမှာ ပင်လယ်ပြင်ကို အဆိပ်အတောက်ဖြစ်စေမယ့်ဟာတွေလည်း ပါလာနိုင်တယ်လေ။ ဒါကြောင့် ရခိုင်ပင်လယ်ပြင်ရဲ့ ဂေဟစနစ်တွေ ပိုပြီး ပျက်စီးသွားနိုင်တယ်"
အာကာသယာဉ်ရဲ့ စွန့်ပစ်အမှိုက်တွေ များလာတာနဲ့အမျှ ရခိုင်ပင်လယ်ပြင်မှာရှိတဲ့ ရေနေသတ္တဝါတွေ၊ သန္တာကျောက်တန်းတွေအပါအဝင် အဏ္ဏဝါဂေဟစနစ်ပေါ်မှာ ထိခိုက်ပျက်စီးမှု ဖြစ်လာနိုင်တယ်လို့လည်း သူကဆိုပါတယ်။
ရခိုင်ပြည်နယ် စစ်ကောင်စီကတော့ အခု တရုတ်အာကာသယာဉ်ရဲ့ စွန့်ပစ်စ္စည်းတွေ ကျရောက်မှု ဖြစ်စဉ်မှာ တစ်စုံတစ်ရာ ထိခိုက်တာမရှိဘူးလို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။