မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တရုတ်အထူးကိုယ်စားလှယ်တွေ့ဆုံဆွေးနွေး

RFA Burmese
2023.02.22
မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တရုတ်အထူးကိုယ်စားလှယ်တွေ့ဆုံဆွေးနွေး “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ဝင်များအား ၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
RFA

တရုတ်အစိုးရရဲ့ အာရှရေးရာဆိုင်ရာ အထူးသံတမန် တိန့်ရှီကျန် (Deng Xijun) ဟာ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဆီ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးနေပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဌာနချုပ်တွေကို သွားရောက်ပြီး အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့တာလို့ RFA က စုံစမ်းသိရှိရပါတယ်။

UWSA ပြောခွင့်ရှိသူ ဦးညီရန်းက "တွေ့ကြတာ မှန်ပါတယ်။ အဓိကက မြန်မာပြည် ငြိမ်းချမ်းရေးအတွက် တိုက်တွန်း ဆွေးနွေးတာပါ" လို့ RFA ကို ဒီကနေ့ ပြောပါတယ်။

China-envoy01.jpg
တရုတ်အစိုးရရဲ့ အာရှရေးရာဆိုင်ရာ အထူးသံတမန် တိန့်ရှီကျန် (Deng Xijun)။

ဘာတွေဆွေးနွေးခဲ့ကြသလဲ ဆိုတဲ့အသေးစိတ်ကိုတော့ ပြောဆိုတာ မရှိပါဘူး။ တရုတ်အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး KIO နဲ့ NDAA တပ်ဖွဲ့တွေကို မေးမြန်းနိုင်ဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ တရုတ် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ယိတို့နှစ်ဦး တွေ့ဆုံခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အာရှရေးရာ တရုတ်အထူးကိုယ်စားလှယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သွားရောက်တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံရာမှာ ဝါရှင်တန်ဒီစီမြို့တော်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးရုံး ဖွင့်ခွင့်ရတဲ့ကိစ္စကို ဆွေးနွေးခဲ့ကြပြီး၊ ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်ဘက်က သိပ်မကြိုက်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆွေးနွေးပွဲမှာပါဝင်သူတွေကို ကိုးကားပြီး မဲခေါင်သတင်းဌာနက ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။