တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တရုတ်သတိပေးချက်ကို NUCC ပြင်းထန်စွာရှုတ်ချ

RFA Burmese
2024.08.31
တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တရုတ်သတိပေးချက်ကို NUCC ပြင်းထန်စွာရှုတ်ချ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှေ့တန်းစစ်မြေပြင်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
PSLF/TNLA News

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကို တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တရုတ်ဘက်က သတိပေးစာပို့တာဟာ မြန်မာပြည်သူတွေရဲ့အချုပ်အခြာအာဏာကို ခြိမ်းခြောက်စော်ကားမှုဖြစ်တာကြောင့် ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ ဒီတောင်းဆိုချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဩဂုတ်လ ၃၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

မြန်မာပြည်ဟာ ပြည်တွင်းနိုင်ငံရေး ပဋိပက္ခတွေ ရှိနေပေမဲ့ နိုင်ငံတွင်း နေထိုင်ကြတဲ့ လူမျိုးဘာသာစုံ ပြည်သူတွေရဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပြီး ဒေသအသီးသီးက လူမျိုးတွေရဲ့ ပြည်နယ်တွေဟာလည်း ဆိုင်ရာလူမျိုးတွေနဲ့ ဒေသခံပြည်သူတွေရဲ့ အချုပ်အခြာအာဏာပိုင် ပြည်နယ်၊ နယ်မြေပိုင်နက်တွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးကို ဖြစ်စေ၊ လူမျိုးတစ်မျိုး၊ ပြည်နယ် နယ်မြေဒေသတစ်ခုကိုဖြစ်စေ ဘယ်တိုင်းတစ်ပါး နိုင်ငံကမှ နိုင်ငံရေး၊ စစ်ရေးအရ ခြိမ်းခြောက်အကျပ်ကိုင် ကန့်သတ်ပိတ်ပင်ဟန့်တားတာတွေ လုပ်ခွင့်မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကို ၂၀၂၄ ဩဂုတ် ၂၉ ရက်စွဲနဲ့ ပေးပို့တဲ့ ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီရဲ့ သတိပေးစာမှာ ကြောက်ရွံ့ကျိုးနွံတဲ့ ဆုံးမသွန်သင်နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်မယ်လို့ ရေးသားထားတာတွေ့ရကြောင်း ဒါဟာ TNLA နဲ့ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးအပေါ် ရိုင်းပျတဲ့ ခြိမ်းခြောက်စော်ကားမှုဖြစ်တယ်လို့ ဆိုပါတယ်။

စာပေးပို့တဲ့ ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီအနေနဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ရာ လူမျိုးတွေ၊ ပြည်သူတွေအပေါ် နိုင်ငံတကာဥပဒေကျင့်ဝတ်တွေနဲ့အညီ လေးစားဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတွေအပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးမှုကို အထူးတန်ဖိုးထား လိုလားသူတွေဖြစ်ပြီး စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ မတရားဖိနှိပ်မှုတွေကြောင့် မလွဲမရှောင်သာဘဲ တော်လှန်ရေးဆင်နွှဲနေရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသ အာဏာပိုင်တွေအနေနဲ့ စစ်တပ်ရဲ့ မတရားအနိုင်ကျင့်နေတာကို ခံနေရတဲ့ မြန်မာလူမျိုးစုံပြည်သူတွေကို စာနာပြီး ကူညီပံ့ပိုးပေးဖို့လည်း NUCC ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။