ချင်းတွင်းမြစ်ထဲ ရေယာဉ်နစ်မြုပ်မှုမှာ ၁၂ ဦးပျောက်ဆုံးနေကြောင်း စစ်ကောင်စီထုတ်ပြန်

RFA Burmese
2023.09.21
ချင်းတွင်းမြစ်ထဲ ရေယာဉ်နစ်မြုပ်မှုမှာ ၁၂ ဦးပျောက်ဆုံးနေကြောင်း စစ်ကောင်စီထုတ်ပြန် ချင်းတွင်းမြစ်အတွင်းသွားလာနေတဲ့ စစ်သင်္ဘောတစ်စီးကို တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အတွင်း ရေယာဉ်နစ်မြုပ်မှုမှာ စစ်ကောင်စီ တပ်သားတွေအပါအဝင် လူ ၁၂ ဦး ပျောက်ဆုံးနေတယ်လို့ စက်တင်ဘာလ ၂၁ ရက် ဒီနေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။

ရေယာဉ်နစ်မြုပ်မှုကြောင့် အရပ်သား ခြောက်ဦး၊ ကုမ္ပဏီဝန်ထမ်း သုံးဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး ရေထဲမျောပါပျောက်ဆုံးသွားလို့ ကယ်ဆယ်ရေးလုပ်နေတယ်လို့ ဆိုပါတယ်။ နစ်မြုပ်သွားတဲ့ ရေယာဉ်ပေါ်မှာ လူဦးရေ ဘယ်လောက်လိုက်ပါလာတယ် ဆိုတာတော့ ဖော်ပြထားတာ မရှိပါဘူး။

ဒီဖြစ်စဉ်ကို သိရှိတဲ့ ကနီဒေသခံတစ်ဦးကတော့ ရေယာဉ်ပေါ်မှာ လူတစ်ရာကျော် လိုက်ပါလာပြီး လက်ရှိအချိန်ထိ ခြောက်ဦးသာ အသက်ရှင်လျက်ပြန်တွေ့သေးတယ်လို့ RFA ကိုပြောပါတယ်။

“ကျွန်တော်တို့သိသလောက် ခြောက်ဦးပဲ အသက်ရှင်တယ်။ နောက်ထပ် အလောင်းတွေ ဘာတွေထပ်တွေ့တာတွေ မသိရသေးဘူး။ ပေါ်ရင်လည်း ဒီနေ့လောက်ဆို ပုပ်ပြီးပေါ်လာနိုင်ပြီ။ ဒါပေမယ့် ရေယာဉ်ရဲ့ ဝမ်းဗိုက်ထဲမှာ ပိတ်မိနေတော့ ပေါ်ရင်တောင် အကုန် ပေါ်ပါ့မလားမသိဘူး”

ရေယာဉ်မြုပ်တဲ့နေရာမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေကလည်း စက်တင်ဘာလ ၂၀ ရက် မနေ့က ညနေကတည်းက စစ်တပ်အထိုင်ချထားတဲ့ မေက္ကတော်ရွာကို ပြန်လည်ဆုတ်ခွာသွားပြီလို့ သူကဆိုပါတယ်။

စက်တင်ဘာလ ၁၉ ရက်က စစ်ကောင်စီတပ်ရဲ့ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေး ရေယာဉ်အုပ်စု ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာစဉ် အဲဒီ ရေယာဉ် အုပ်စုထဲမှာပါတဲ့ တစ်စီးက မင်းကင်းမြို့နယ် ပန်းဆက်ရွာအနီးမှာ နစ်မြုပ်ခဲ့တာပါ။

နစ်မြုပ်မှုမရှိတဲ့ ကျန်ရေယာဉ်တွေကတော့ စက်တင်ဘာ ၂၀ ရက်နေ့က ကနီမြို့မှာ ဆိုက်ကပ်ညအိပ်ပြီး ဒီနေ့မှာတော့ မုံရွာမြို့ကို ဆက်လက်ထွက်ခွာဖို့ ပြင်ဆယ်နေတယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို စုန်ဆင်းလာတဲ့ ခရီးသည်တင် ရေယာဉ်တစ်စီးဟာ မင်းကင်းမြို့နယ်နဲ့ကပ်လျက် ကနီမြို့နယ် မိကျောင်းတွင်းရွာ အနီးမှာ နစ်မြုပ်ခဲ့တာကြောင့် လူ ခုနစ်ဆယ်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။