မင်းကင်းက သင်္ဘောမှောက်မှု အလောင်း ၁၀ လောင်းတွေ့ထား

RFA Burmese
2023.09.23
မင်းကင်းက သင်္ဘောမှောက်မှု အလောင်း ၁၀ လောင်းတွေ့ထား ချင်းတွင်းမြစ်အတွင်းသွားလာနေသည့် စစ်သင်္ဘောတစ်စီးအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မောက္ကတော်ရွာအနီး ချင်းတွင်းမြစ်အတွင်း စက်တင်ဘာလ ၁၉ ရက်က တိမ်းမှောက်ခဲ့တဲ့ သင်္ဘောက ရုပ်အလောင်း ၁၀ ခုကို ဆားလင်းကြီးမြို့နယ်မှာ တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် မျောပါလာတဲ့ ရုပ်အလောင်းတွေကို စက်တင်ဘာလ ၂၁ ရက်ကစလို့ တွေ့ရှိတာဖြစ်တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"မြစ်ထဲမှာပေါ်ပြီး မျောလာတာဗျ။ ဆားလင်းကြီးနယ်ရောက်မှ ပုပ်ပြီးပေါ်လာတာပေါ့။ ကျွန်တော်တွေ့တဲ့ အလောင်းကတော့ ယူနီဖောင်းမပါတော့ဘူး တုံးလုံးကျွတ်ပဲတွေ့တာ။ ဒေသခံတွေ တွေ့တဲ့အလောင်းက ကြံခိုင်ရေးအင်္ကျီနဲ့ တစ်လောင်းတွေ့တယ်၊ စစ်ဦးထုပ်နဲ့ တစ်လောင်းတွေ့တယ်။ မိန်းကလေးအလောင်းလည်း ပါတယ်လို့ သိရတယ်။ အလောင်းပုံပဲ ကြည့်ခွဲလိုက်တာ ပုပ်နေတော့ အနီးနား မကပ်ချင်ကြဘူး"

စစ်ကောင်စီဘက်ကလည်း ဒီရုပ်အလောင်းတွေကို လာဆယ်ယူတာ မရှိဘူးလို့ သူက ဆိုပါတယ်။ ဆယ်ယူသူမရှိတဲ့အတွက် အဲဒီရုပ်အလောင်းတွေဟာ မြစ်ထဲဆက်ပြီး မျောပါနေတယ်လို့ သူက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့က ထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့ ရေယာဉ်တွေထဲက တစ်စီးဟာ စက်တင်ဘာလ ၁၉ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ရေဝဲကြောင့် ချင်းတွင်းမြစ်ထဲ တိမ်းမှောက်ခဲ့ရတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ရေယာဉ်နစ်မြုပ်မှုကြောင့် အရပ်သား ခြောက်ဦး၊ ကုမ္ပဏီဝန်ထမ်း သုံးဦး၊ လုံခြုံရေး တပ်ဖွဲ့ဝင် သုံးဦး ရေထဲမျောပါပျောက်ဆုံးသွားလို့ ကယ်ဆယ်ရေးလုပ်နေတယ်လို့ စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာ အဲဒီထဲက ရုပ်အလောင်း ၁၀ ခုကို ဒေသခံတွေက တွေ့ရှိထားတာဖြစ်ပြီး မောက္ကတော်ရွာနဲ့ ရုပ်အလောင်းတွေ့ရှိရတဲ့ ဆားလင်းကြီးမြို့နယ်ဟာ ၇၅ မိုင်ကျော်ဝေးပါတယ်။ ချင်းတွင်းမြစ်ဟာ ရေစီးသန်တဲ့အတွက် အခုလို အဝေးကြီးမှာ ရုပ်အလောင်းတွေ လာပေါ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က လုပ်ဆောင်မှုကို သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ၊ သယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

သင်္ဘောတိမ်းမှောက်ပြီးနောက် စစ်ကောင်စီရဲ့ ရေယာဉ်တွေ မင်းကင်းမြို့နယ် ပန်းဆက် ရွာမှာ ရပ်နားထားရာကနေ စက်တင်ဘာလ ၂၂ ရက်နေ့မှာတော့ ချင်းတွင်းမြစ်ကြောင်း အတိုင်း ကနီမြို့နယ်ကို ဆက်လက်ထွက်ခွာသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။