အွန်လိုင်းလိမ်လည်မှုတွေကို သတိထားကြဖို့ တရုတ်သံရုံး သတိပေး
2025.01.10
နိုင်ငံရပ်ခြားမှာ လစာကောင်းကောင်းနဲ့ အလုပ်ရမယ်ဆိုတဲ့ လိမ်လည်လှည့်ဖြားမှုတွေနဲ့ မြန်မာနိုင်ငံနယ်စပ်မြို့ မြဝတီကို တရုတ်နိုင်ငံသားအများအပြား ဖြားယောင်းခံရတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သတိထားကြဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သူ့နိုင်ငံသားတွေကို သောကြာနေ့က သတိပေးလိုက်ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်က ထိုင်းနိုင်ငံကို ခရီးသွားပြီးနောက် ပျောက်ဆုံးသွားတဲ့ တရုတ်သရုပ်ဆောင် Wang Xing ရဲ့အမှု ထွက်ပေါ်လာပြီးနောက်မှာ သူ့နိုင်ငံသားတွေကို အခုလို သတိပေးလိုက်တာပါ။
သရုပ်ဆောင် Wang Xing ကို တရုတ်လူမှောင်ခိုဂိုဏ်းက ထိုင်းနိုင်ငံမှာ ကြော်ငြာလုပ်ဖို့ဆိုပြီး လိမ်လည်ငှားရမ်း ခေါ်ယူခဲ့ပြီးနောက် လူကုန်ကူးဂိုဏ်းက သူ့ကို သုဝဏ္ဏဘူမိလေဆိပ်ကနေ မြန်မာဘက်ခြမ်းကို ခေါ်သွားခဲ့ပြီး အွန်လိုင်းလိမ်လည်လုပ်ငန်းမှာလုပ်ကိုင်ဖို့ ရောင်းစားခံခဲ့ရတာလို့ Wang Xing က သတင်းစာရှင်းပွဲမှာ ထုတ်ဖော်ခဲ့ပါတယ်။
သူ့ကို ထိုင်းရဲတပ်ဖွဲ့က ကယ်တင်ခဲ့ပြီးနောက် သူ့လိုပဲ ထိုင်းနိုင်ငံကို ထွက်ခွာပြီးပျောက်ဆုံးနေတဲ့ တရုတ်မော်ဒယ် Yang Zeqi ရဲ့ အမှုကိုလည်း ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ကြာသပတေးနေ့က ဖော်ပြပါတယ်။ Yang Zeqi ဟာလည်း ဇာတ်လမ်းတစ်ခုမှာ သရုပ်ဆောင်ရမယ်လို့ လိမ်လည်ဖြားယောင်းခံရပြီး လူကုန်ကူးခံရတာဖြစ်ပါတယ်။