၂ဝ၁၅ ပြည်သူ့ဂုဏ်ရည်ဆု မဖြိုးဖြိုးအောင် ရရှိ


2015.06.07
phyophyoaung-620.jpg ဗကသအထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို ၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်ကြောင်း မနေ့က ကြေညာပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းကကြီးမှူးပြီး အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း နယူးယောက်ပြည်နယ် ယူတီကာ မြို့မှာကျင်းပတဲ့ အခမ်းအနားမှာ အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ ဌာနခွဲ တာဝန်ခံတစ်ဦးဖြစ်တဲ့ စာရေးဆရာမ မိုးချိုသင်းက ကြေညာခဲ့ပါတယ်။

"၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုတွေ ဂုဏ်ပြုတဲ့သူကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင် ဖြစ်ပါတယ်ရှင်"

မဖြိုးဖြိုးအောင်ကိုယ်စား နယူးယောက်ပြည်နယ် Albany မြို့မှာ သီတင်းသုံးနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အရှင်ဇဝနက ဆုကိုလက်ခံပါတယ်။

ဒီဆုဟာ ပြည်တွင်းက ပရဟိတလူမှုရေးလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်ပြီး စေတနာ့ဝန်ထမ်း စွမ်းစွမ်းတမံ ဆောင် ရွက်နေသူတွေကို ၂ဝ၁ဝ ပြည့်နှစ်က စတင်ချီးမြှင့်နေတဲ့ဆုဖြစ်ပါတယ်။

ဒီနှစ် ဆဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် အထူးဆုတွေကို ပရဟိတသူရဲကောင်းအဖြစ် တနိုင်တပိုင် အခမဲ့ စာကြည့်တိုက်ဖွင့်လှစ်တဲ့ ကိုဇော်ဇော်နဲ့ တန်ဖိုးသင့်ညစာ အစီအစဉ်နဲ့ ဆင်းရဲနွမ်းပါးသူတွေ အဆင်ပြေအောင် ကြိုးစား ဆောင်ရွက်ပေးနေတဲ့ ဧရာဝတီတိုင်း အင်္ဂပူမြို့က ဒေါက်တာနန္ဒဝင်းတို့ ဆွတ်ခူးပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းကို ပြည်ပရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားမိသားစုတွေနဲ့ ဖွဲ့စည်းထားပြီး ပြည်သူ့ ဂုဏ်ရည်ဆုနဲ့ ထိုက်တန်သူကို ပြည်သူ့ဂုဏ်ရည်အသင်း အင်တာနက်စာမျက်နှာ www.citizenofburma.org မှာ တင်သွင်းလာတဲ့ အမည်စာရင်းထဲက ရွေးချယ်ချီးမြှင့်တာပါ။

ပြည်သူ့ဂုဏ်ဆုအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းနဲ့ အထူးဆုအတွက် ဒေါ်လာတစ်ထောင်စီ ချီးမြှင့်ပါတယ်။

ဆုချီးမြှင့်ဂုဏ်ပြုပွဲကို ပြည်တွင်းမှာပါ ကျင်းပခွင့်ရှိလာတာမို့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမမှာ ဒီလ ၁၄ ရက်နေ့မှာ ကျင်းပဖို့စီစဉ်ထားပါတယ်။

၂ဝ၁၆ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ကြေညာမယ့်အခမ်းအနားကိုတော့ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မေရီလဲန်းပြည်နယ်မှာ ကျင်းပမယ်လို့ သိရပါတယ်။

မနေ့က ကျင်းပတဲ့ အခမ်းအနားအကြောင်း ပြည်သူ့ဂုဏ်ရည်အသင်း ပြန်ကြားရေးတာဝန်ခံ ဦးထိန်လင်း ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။