ပအိုဝ်းဒေသမှာ တိုက်ပွဲတွေကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ နီးပါး သေဆုံး

RFA Burmese
2025.01.14
ပအိုဝ်းဒေသမှာ တိုက်ပွဲတွေကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ နီးပါး သေဆုံး ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရသူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က တွေ့ရစဥ်။
Kayan Rescue Committee - KRC Photo

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တွေမှာ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးတွေ အပါအဝင် အရပ်သား ၁၂၇ ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ် ၁၆ ဦး၊ အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၈၉ ဦးနဲ့ ကျား/မ အတည်မပြုနိုင်သူ ခြောက်ဦးပါဝင်ပြီး အများစုဟာ စစ်ကောင်စီတပ်က သတ်ဖြတ်တာ အပါအဝင် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သေးဆုံးရတာလို့ PYO ရဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။ ထိခိုက်ဒဏ်ရာရသူကတော့ နှစ်ရာနီးပါးရှိတယ်လို့ ဆိုပါတယ်။

၂၀၂၄ တစ်နှစ်အတွင်းမှာ စစ်ကောင်စီက အဲဒီဒေသတွေအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ငါးရာခန့်နဲ့ လက်နက်ကြိးပစ်ခတ်မှု အကြိမ် ငါးထောင်ကျော် ပြုလုပ်ခဲ့တယ်လို့ PYO က ပြောပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းအသုံးပြု ဗုံးကြဲတာနဲ့ မီးရှို့ဖျက်ဆီးခံရတာတွေကြောင့်လည်း ဘာသာရေးအဆောက်အုံ ၃၂ ခု အပါအဝင် ဆေးရုံ၊ ဆေးခန်းနဲ့ အရပ်သား နေအိမ် စုစုပေါင်း ၁၄၃၂ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအစီအရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

အခု ဇန်နဝါရီလအတွင်းမှာလည်း ပအိုဝ်းဒေသမှာ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အရပ်သား ငါးထောင်ကျော် ထပ်မံနေရပ်စွန့်ခွာနေရတယ်လို့ PYO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။