စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေကို အရေးယူဖို့ စစ်ကောင်စီညွှန်ကြား

RFA Burmese
2024.11.08
စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေကို အရေးယူဖို့ စစ်ကောင်စီညွှန်ကြား ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၅) သင်တန်းသားများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဥ်။
Telegram/ Pyithusitt Photo

စစ်မှုထမ်းဖို့ စာရင်းသွင်းပြီးမှ အကြောင်းအမျိုးမျိုးနဲ့ ပျက်ကွက်နေသူတွေကို အရေးယူဖို့ဆိုပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြောပါတယ်။

စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူ၊ ဆေးအောင်ပြီးမှ ပျက်ကွက်သူ၊ သင်တန်းကျောင်းရောက်မှ ထွက်ပြေးသူတွေကို အရေးယူဖို့ နေပြည်တော်မှာပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး နေပြည်တော်က တာဝန်ရှိသူ တစ်ဦးကတော့ လက်ရှိမှာလည်း စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေကို အရေးယူတာတွေရှိနေပြီလို့ RFA ကို ပြောပါတယ်။

“ဥပဒေအရ ခေါ်တယ် မလာဘူး။ တစ်ချို့လဲ သင်တန်းတက်ဖို့ ပျက်ကွက်တာတွေ ဘာတွေရှိတယ်ပေါ့။ အဲ့ဒါတော့ ဥပဒေအတိုင်းပဲ ကျွန်တော်တို့က အရေးယူတဲ့ အနေအထားမျိုးလေးတွေ ရှိပါတယ်”

ဒါပေမဲ့ အရေအတွက် ဘယ်လောက်အထိ အရေးယူထားတယ် ဆိုတာကိုတော့ သူက ထုတ်မပြောပါဘူး။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (မူကြမ်း) ကိုလည်း ပုဒ်မတစ်ခုချင်းစီအလိုက် စိစစ်နေပြီး အထက်အဆင့်ဆင့်ကို တင်ပြပြီးတာနဲ့ ထုတ်ပြန်မယ်လို့ဆိုပါတယ်။

ပြည်သူစစ်မှုထမ်းဆင့်ခေါ်ရာမှာ တိုက်ရိုက်ထိတွေ့ရတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ လူမှုဆက်ဆံရေး ကောင်းဖို့နဲ့ ငွေကြေးဆိုင်ရာ မသမာမှုတွေ မလုပ်ဖို့လည်း အဆင့်ဆင့်စိစစ်မယ်လို့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောပါတယ်။

လက်တွေ့မှာတော့ စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက တရားဝင်နည်းလမ်းအပြင် လူငယ်တွေကို အဓမ္မဖမ်းဆီး ခေါ်ဆောင်စုဆောင်းတဲ့ နည်းလမ်းနဲ့ပါ လုပ်ဆောင်နေတာတွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင် တစ်ဦးက ပြောပါတယ်။

“ဥပဒေပညာရှင်အနေနဲ့ကတော့ တကယ့် ဥပဒေအတိုင်းဖြစ်စေချင်တာ အခုက အဲ့လိုမဟုတ်တော့ဘဲနဲ့ အောက်ခြေမှာ ငွေပေးနိုင်တဲ့သူတွေ မပါကြေး ငွေမပေးနိုင်တဲ့သူတွေ ပြီးရင် ရာအိမ်မှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ မသင့်မမြတ်တဲ့သူတွေ အဲ့လူတွေက အလိုလျောက် နာမည်စာရင်း အသွင်းခံရပြီးတော့မှ ရွေးချယ်ခံရတာပေါ့ တနည်းအားဖြင့် ဒီစစ်မှုထမ်းဥပဒေသည် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေကို စီးပွားရေးအရ လုပ်ပိုင်ခွင့် တစ်ခု ပေးထားသလိုဖြစ်နေတယ်”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးနောက် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်ကြား လူငယ်အမျိုးသားတွေကိုလည်း စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ထိန်းချုပ်ကန့်သတ်ထားပါတယ်။

နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။